အစိုးရဝန်ကြီး ခန့်အပ်မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထာဝီဆင်းအား ရာထူးမှဖယ်ရှားရန် အထက်လွှတ်တော်အမတ်များ၏ တိုင်ကြားလွှာကို ထိုင်းဖွဲ့စည်းပုံခုံရုံး လက်ခံ

အစိုးရဝန်ကြီး ခန့်အပ်မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထာဝီဆင်းအား ရာထူးမှဖယ်ရှားရန် အထက်လွှတ်တော်အမတ်များ၏ တိုင်ကြားလွှာကို ထိုင်းဖွဲ့စည်းပုံခုံရုံး လက်ခံ
ဧပြီ ၁၀ ရက်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ်ဆရက်ထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo: AFP)
ဧပြီ ၁၀ ရက်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးချုပ်ဆရက်ထာ ထာဝီဆင်းကို တွေ့ရစဉ်(Photo: AFP)
Published 23 May 2024

ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ကျဖူးသည့် ပုဂ္ဂိုလ်တစ်ဦးကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းအတွက် ဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင်းကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းသည့် တိုင်ကြားလွှာကို ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မေ ၂၃ ရက်တွင် လက်ခံခဲ့သည်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ စည်းမျဉ်းများအရ ဝန်ကြီးချုပ်ထာဝီဆင်းကို ရာထူးမှဖယ်ရှားပေးရန် အထက်လွှတ်တော်အမတ် ၄၀ ဦးက တင်သွင်းထားသည့် အသနားခံလွှာကို ဖွဲ့စည်းပုံခုံရုံးက လက်ခံခဲ့သော်လည်း ယင်းကိစ္စရပ်ကို သုံးသပ်နေစဉ်အတောအတွင်း ၎င်းအား ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ထားရန် တောင်းဆိုမှုကို ဖွဲ့စည်းပုံခုံရုံးက ပယ်ချခဲ့သည်။

မကြာသေးမီက ထိုင်းအစိုးရကို ပြန်လည်ဖွဲ့စည်းရာတွင် ရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ၂၀၀၈ ခုနှစ်က ထောင်ဒဏ်ခြောက်လကျခံခဲ့ရသည့် ရှေ့နေဟောင်းတစ်ဦးဖြစ်သူ ပီချစ်ချူအင်ဘန်ကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ ရာမှ အဆိုပါဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် နီးနီးကပ်ကပ် ပတ်သက်မှုရှိသည့် ပီချစ်သည် ဝန်ကြီးချုပ်ထာဝီဆင်းကို မထိခိုက်စေရန်အတွက် မေ ၂၁ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့သည်။

တရားသူကြီးများက မဲခွဲဆုံးဖြတ်ရာတွင် ၆ မဲ-၃ မဲဖြင့် ယင်းအသနားခံလွှာကို လက်ခံရန် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းအမှုအားဖြေရှင်းရန် ထာဝီဆင်းအား ၁၅ ရက် အချိန်ပေးခဲ့ကြောင်း သိရသည်။

အစိုးရဝန်ကြီးရာထူးကိုထမ်းဆောင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသူကို ဝန်ကြီးချုပ် ထာဝီဆင်းက ခန့်အပ်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်နေသည်ဟု အထက်လွှတ်တော်အမတ် ၄၀ ဦးက ဆိုသည်။

ထိုင်းအစိုးရကမူ ပီချစ်၏ အရည်အချင်းကို သေချာစွာစိစစ်ခဲ့ကြောင်းနှင့် ၎င်းအားဝန်ကြီးခန့်အပ်ခြင်းနှင့် ပတ်သက်၍ ရုံးတော်တွင် ခုခံချေပနိုင်မည်ဟု ယုံကြည်ကြောင်းပြောဆိုထားသည်။

ပီချစ်သည် ထိုင်းနိုင်ငံရေးလောကတွင် ဆယ်စုနှစ်နှစ်ခုကျော်တိုင်အောင် သြဇာလွှမ်းမိုးထားဆဲဖြစ်သည့် သက်ဆင်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့်အတွက် အစိုးရဝန်ကြီးရာထူးကို ရယူနိုင်ခြင်းဖြစ်သည်ဟု ဝေဖန် သူများက ဆိုသည်။ သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်ခဲ့ပြီး ယမန်နှစ် သြဂုတ် ၂၂ ရက်က ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပီချစ်သည် ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် သက်ဆင်နှင့် ယင်လတ်ရှင်နာဝပ်တို့၏အမှုများကို ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

လက်ရှိ ထိုင်းအထက်လွှတ်တော်အမတ် ၂၅၀ ဦးကို ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ထိုင်းစစ်တပ်အစိုးရက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အထက်လွှတ်တော်အမတ်သစ်များကို ရွေးချယ်သည့် လုပ်ငန်းစဉ်ကို မေ ၂၀ ရက်က တရားဝင်စတင်သည့်အနေဖြင့် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်မှု ပြုလုပ်ခဲ့သည်။ အထက်လွှတ်တော်အမတ်သစ်များကို ရွေးချယ်ရာတွင် အဆင့်သုံးဆင့်ဖြင့် မဲပေးမှုများ ပြုလုပ်မည်ဖြစ်ကာ ဇွန် ၉ ရက်၊ ၁၆ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်မည်ဖြစ်သည်။                           

Ref: AFP

         

         

Most Read

Most Recent