ဂါဇာသို့ ရိက္ခာအကူအညီများပေးပို့နေသည့် ရာဖာနယ်စပ်ဂိတ် ပြန်ဖွင့်ရေးကိစ္စ အီဂျစ်၊ အစ္စရေး၊ အမေရိကန်တို့ ဆွေးနွေး

ဂါဇာသို့ ရိက္ခာအကူအညီများပေးပို့နေသည့် ရာဖာနယ်စပ်ဂိတ် ပြန်ဖွင့်ရေးကိစ္စ အီဂျစ်၊ အစ္စရေး၊ အမေရိကန်တို့ ဆွေးနွေး
ဂါဇာသို့ ပို့ဆောင်မည့် စားနပ်ရိက္ခာများတင်ထားသော ကုန်တင်ကားများ မေ ၂၆ ရက်က ရာဖာဂိတ်အနီး အီဂျစ်ဘက်အခြမ်း၌ စောင့်နေပုံကိုတွေ့ရစဉ်(Photo:AFP)
ဂါဇာသို့ ပို့ဆောင်မည့် စားနပ်ရိက္ခာများတင်ထားသော ကုန်တင်ကားများ မေ ၂၆ ရက်က ရာဖာဂိတ်အနီး အီဂျစ်ဘက်အခြမ်း၌ စောင့်နေပုံကိုတွေ့ရစဉ်(Photo:AFP)
Published 3 June 2024

ဇွန် ၃ ရက်တွင် ကိုင်ရိုမြို့၌ တွေ့ဆုံခဲ့ကြသော အီဂျစ်၊ အစ္စရေး၊ အမေရိကန် တာဝန်ရှိသူတို့သည် ဂါဇာ၏ ရာဖာဂိတ် ပြန်ဖွင့်ရေးကိစ္စ ဆွေးနွေးမှုများ ပြီးဆုံးသွားခဲ့သည်ဟု အီဂျစ်အစိုးရနှင့်ဆက်စပ်နေသော မီဒီယာက ဖော်ပြခဲ့သော်လည်းဆွေးနွေးပွဲအကြောင်းကို အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေ။

အစ္စရေးတပ်ဖွဲ့များက ၎င်း၏ပါလက်စတိုင်းဘက်ခြမ်းကို မေလဆန်းပိုင်းတွင် သိမ်းပိုက်ပြီးကတည်းက အီဂျစ် နယ်စပ်ရှိ ရာဖာနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါနယ်စပ်ဂိတ်သည် ၀ိုင်းထားခံရသော ဂါဇာ ကမ်းမြောင်သို့ အရေးပါသည့် အကူအညီများကို ပေးပို့ရာနေရာဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခြင်းမရှိသည့်ကိစ္စအတွက် အစ္စရေး၏ အပြည့်အဝတာဝန်ရှိမှုကို ယင်းအစည်းအဝေးတွင် အီဂျစ်လုံခြုံရေးကိုယ်စားလှယ်အဖွဲ့က အခိုင်အမာ ပြော ကြားခဲ့သည်ဟု အကြီးတန်းတာဝန်ရှိသူ ပြောကြားသောစကားကို အီဂျစ်ထောက်လှမ်းရေးအဖွဲ့နှင့် နီးစပ်သော အယ်လ်-ကာ ဟီရာသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

အစ္စရေးက ရာဖာဂိတ်ကို သိမ်းပိုက်ပြီးကတည်းက အီဂျစ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမည့် ကိစ္စများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ထားသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့်လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်ရန် ရာဖာနယ်စပ်ဂိတ် ၏ ပါလက်စတိုင်းဘက်ခြမ်းမှ အစ္စရေးစစ်သားများရုပ်သိမ်းပေးရေးကို အီဂျစ်ဘက်က ထပ်လောင်းတောင်း ဆိုခဲ့သည်ဟု အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။

ကိုင်ရိုဆွေးနွေးပွဲ၌ သဘောတူညီမှုရမရဆိုသည်ကို အယ်လ်-ကာဟီရာသတင်းဌာနက ဖော်ပြခဲ့ခြင်းမရှိပေ။

လွန်ခဲ့သောလတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဆွေးနွေးခဲ့ပြီးနောက် အီဂျစ် သမ္မတအဗ္ဗဒယ်ဖတာ့ အယ်စီစီသည် ဂါဇာသို့ပေးပို့သော အကူအညီများကို ရာဖာဂိတ်မှ ယာယီအားဖြင့်ရှောင်လွှဲကာ အစ္စရေးအနီး ရှိကီရမ်ရှာလွန်ဂိတ်မှတစ်ဆင့် ပေးပို့ရန်သဘောတူညီခဲ့သည်။

အကူအညီပေးသည့်ပစ္စည်းများ တင်ဆောင်ထားသော ကုန်တင်ကား အနည်းဆုံး အစင်းရေ ၃၅၀ ဂါဇာ ကမ်းမြောင်သို့နေ့စဉ် ဝင်ရောက်ရေးကိစ္စကို ချက်ချင်းဆောင်ရွက်ပေးရန် အီဂျစ်က တောင်းဆိုထားသည်ဟု အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဂါဇာ၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အနည်းဆုံး ကုန်တင်ကား ၅၀၀ နေ့စဉ် လိုအပ်နေ သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည့် စစ်ဒဏ်သင့် ဂါဇာကမ်းမြောင်တွင် ဆိုးဆိုးရွားရွား အာဟာရချို့တဲ့မှုများမြင့်တက်နေကြောင်း ဂါဇာအာဏာပိုင်များက သတိပေးပြောဆိုလျက်ရှိစဉ် လွန်ခဲ့သော သီတင်းပတ်များတွင် ဂါဇာသို့ စားနပ်ရိက္ခာအကူအညီ ဝင်ရောက်မှုများ ကျဆင်းလာခဲ့သည်ဟု သိရသည်။

အချိန် ရှစ်လနီးပါးရှိလာချိန်တွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို အစ္စရေး၏ထိုးစစ်ဆင်တိုက်ခိုက် မှုများကြောင့် ဂါဇာတွင် အနည်းဆုံးလူ ၃၆,၄၃၉ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ သေဆုံးသူအများစုမှာ အရပ်သားများဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ကြောင့် အစ္စရေးတွင် လူ ၁,၁၈၉ ဦးသေဆုံးခဲ့သည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ထားသော စာရင်းများအရသိ ရသည်။ သေဆုံးသူအများစုမှာ အစ္စရေးအရပ်သားများဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ရှစ်လပြည့်တော့မည့် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်သူများက အစ္စရေးနှင့်ဟားမာ့စ်တို့ကို တောင်းဆိုထားသည်။            

Ref:AFP

Most Read

Most Recent