ရာဖာစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်တန့်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အမေရိကန်သမ္မတ ဘိုင်ဒင်အား အစ္စရေး ထိပ်သီးအရာရှိများ ဝေဖန်

ရာဖာစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်တန့်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အမေရိကန်သမ္မတ ဘိုင်ဒင်အား အစ္စရေး ထိပ်သီးအရာရှိများ ဝေဖန်
မေ ၈ ရက်က ဂါဇာတောင်ပိုင်း ရာဖာမြို့တွင် စစ်ဆင်ရေးပြုလုပ်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo:AFP)
မေ ၈ ရက်က ဂါဇာတောင်ပိုင်း ရာဖာမြို့တွင် စစ်ဆင်ရေးပြုလုပ်နေသည့် အစ္စရေးစစ်သားများကို တွေ့ရစဉ်(Photo:AFP)
Published 10 May 2024

အစ္စရေးအနေနှင့် ဂါဇာဒေသ၏ လူနေထူထပ်သည့် ရာဖာမြို့ကို ကျူးကျော်ဝင်ရောက်မည်ဆိုပါက အစ္စရေးကို လက်နက်ထောက်ပံ့မှုများ ရပ်တန့်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အစ္စရေး၏ ထိပ်သီးအရာရှိများက မေ ၉ ရက် တွင် ဝေဖန်ခဲ့သည်။

“စစ်ပွဲစတင်ခဲ့ချိန်ကတည်းက ကျွန်တော်တို့  ကျေးဇူးတင်ခဲ့ရတဲ့ သမ္မတတစ်ဦးဆီက အခုလို ကြားရတာဟာ ခက်ခဲပြီး စိတ်ပျက်ဖို့ ကောင်းပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဂီလက်အာဒန်က ဘိုင်ဒင်၏ သတိပေးမှုနှင့်ပတ်သက်ပြီး အစ္စရေး၏ ပထမဆုံးတုံ့ပြန်မှုအဖြစ် ပြောကြားခဲ့သည်။

အစ္စရေးသည် နိုင်ငံတကာ၏ ဆန့်ကျင်ကန့်ကွက်မှုများကို ဖီဆန်ပြီး ရာဖာဒေသ၏ အရှေ့ပိုင်းတွင် တင့်ကားများကို စေလွှတ်ကာ ပစ်မှတ်ထား စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ရာဖာမြို့တွင် ဟားမာ့စ်အဖွဲ့၏ နောက်ဆုံးတပ်ရင်းများရှိနေကြောင်း အစ္စရေးက ပြောကြားခဲ့သော်လည်း အီဂျစ်နယ်စပ်ရှိ ထိုမြို့တွင် အိမ်ပစ်ရာပစ်ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းအရပ်သား အများအပြားရှိနေ သည်။

“တကယ်လို့ သူတို့(အစ္စရေး) ရာဖာကို သွားမယ်ဆိုရင် အရင်မြို့တွေမှာ အသုံးပြုခဲ့ဖူးတဲ့ လက်နက်တွေကို ကျွန်တော် ထောက်ပံ့ပေးတော့မှာ မဟုတ်ပါဘူး”ဟု ဘိုင်ဒင်က စစ်ပွဲစတင်ပြီးနောက်ပိုင်း အစ္စရေးကို အပွင့် လင်းဆုံး ရာဇသံပေးမှုအဖြစ် CNN သတင်းဌာနကို ပြောကြားခဲ့သည်။

“ဂါဇာမှာ အရပ်သားတွေ သေဆုံးနေတာဟာ အဲဒီဗုံးတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါက မှားယွင်းနေပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

အစ္စရေး၏ ရန်သူများဖြစ်သည့် အီရန်၊ ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့က ဘိုင်ဒင်၏ မှတ်ချက်စကားများသည် ၎င်းတို့အား အောင်မြင်မှုရစေရန် မျှော်လင့်ချက်ပေးသည့်  တစ်စုံတစ်ရာအဖြစ် ရှုမြင်လိမ့်မည်ဖြစ်ကြောင်း အာဒန်က ပြောကြားခဲ့သည်။

“တကယ်လို့ အစ္စရေးဟာ ထောင်နဲ့ချီတဲ့ ဟားမာ့စ်အဖွဲ့ဝင်တေ၊ွ ဓားစာခံတွေနဲ့ ဟားမာ့စ် ခေါင်းဆောင်တွေရှိနေတဲ့ ရာဖာမြို့ရဲ့ အရေးကြီးတဲ့နေရာတွေကို မဝင်ရဘူးဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ”ဟု အာဒန်က ပြောကြားခဲ့သည်။

အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမိုထရစ်ချ်ကမူ အစ္စရေးအစိုးရသည် အမေရိကန်၏ ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် မိမိတို့၏ ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

အစ္စရေးက ဂါဇာတောင်ပိုင်းမြို့ ရာဖာ အားကျူးကျော်မည်ကို စိုးရိမ်သောကြောင့် အမေရိကန်သည် အစ္စရေးသို့ ဗုံးများတင်ပို့ခြင်းကို လွန်ခဲ့သော သီတင်းပတ်တွင်ရပ်ဆိုင်းခဲ့သည်ဟု မေ ၇ ရက်တွင် အမေရိကန် တာဝန် ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ ဗုံးတင်ပို့ခြင်းကို ရပ်ဆိုင်းခြင်းသည် ဂါဇာစစ်ပွဲဖြစ်ပွားနေချိန်အတွင်း သမ္မတဂျိုးဘိုင်ဒင်က အဓိက မဟာမိတ်အစ္စရေးထံ စစ်ရေးအကူအညီအား ပထမဆုံးအကြိမ် ရပ်ဆိုင်းမှုဖြစ်ကြောင်းသိရသည်။

အမေရိကန်သည် ပေါင် ၁၈၀၀-၂၀၀၀ (၉၀၇ ကီလိုဂရမ်) ဗုံးများ၊ ပေါင် ၁၇၀၀-၅၀၀ (၂၂၆ ကီလိုဂရမ်) ဗုံးများတင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့သည်။                            Ref:AFP

Most Read

Most Recent