ဝိုင်းမော်မြို့အနီးတွင် တပ်မတော်နှင့် KIA အကြား ပစ်ခတ်မှုများကြောင့်  ခတ်ချိုကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံခြောက်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိ

ဝိုင်းမော်မြို့အနီးတွင် တပ်မတော်နှင့် KIA အကြား ပစ်ခတ်မှုများကြောင့်  ခတ်ချိုကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံခြောက်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိ
Published 20 May 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးတွင် တပ်မတော်နှင့် KIA အကြား ပစ်ခတ်မှုများကြောင့်  ခတ်ချိုကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံခြောက်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိကြောင်း ကူညီခဲ့သူများ၏ ပြောကြားချက်အရသိရ သည်။

 မေလ ၂၀ ရက်  မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခတ်ချိုကျေးရွာ ကွက်သစ်ပိုင်းတွင် နေအိမ်တစ်အိမ်မှ မိသားစု လေးဦး၊ အခြားနေရာတွင် နှစ်ဦးသေဆုံးခဲ့ပြီး အလောင်းကို သယ်နိုင်ခဲ့ကြောင်း ကူညီခဲ့သူများက ပြောကြားသည်။

'' အရင် ၂၀၁၁ က စစ်ဘေးရှောင်ပြီး နေလာတဲ့အိမ်ပါ။ မိသားစုပဲ လေးဦးပါတယ်။ ကျန်တာက တစ်နေရာစီ ။ လက်နက်ကြီးစ ထိတာ။ ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့ငါးဦးက မြစ်ကြီးနား ဆေးရုံကို လွဲရတယ်။ ကျန်တဲ့ခြောက်ဦးက ဝိုင်းမော်ဆေးရုံမှာ။ အနီးကပ် ပစ်တာထက်။ လက်နက်ကြီးတွေပဲ ပစ်ကြတာ။ ဘယ်က ပစ်တာဟာဆိုတာလည်း မသိနိုင်ဘူး''ဟု ကူညီရာတွင်ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အင်းလေး၊ မုတ်လွဲ၊ ခတ်ချိုကျေးရွာက ဒေသခံ အချို့သည်  ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့ဘက်သို့တိမ်းရှောင်နေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။

''ရသလောက်တော့ ရှောင်နေကြတယ်။ လူတွေကလည်း ကောလာဟာလကြောင့် လန့်နေကြတယ်''ဟု အထက်ပါအမျိုးသားက ပြောကြားသည်။ လက်ရှိတွင် မြစ်ကြီးနားနှင့် ဧရာဝတီ မြစ်ကူးဆိပ်များဖြစ်သည့် ခတ်ချို၊ မခန္တီး၊နောင်ဟီး စက်လှေဆိပ်များကိုပိတ်ထားကြောင်း သိရသည်။

 

Most Read

Most Recent