မော်တော်ယာဉ်အမည်ပြောင်းပါက ယာဉ်စစ်ပြုလုပ်ရမည်ဟု ကညန ဆို

မော်တော်ယာဉ်အမည်ပြောင်းပါက ယာဉ်စစ်ပြုလုပ်ရမည်ဟု ကညန ဆို
Published 4 June 2024

မော်တော်ယာဉ်အမည်ပြောင်းပါက ယာဉ်စစ်ပြုလုပ်ရမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယခင်က ကိုဗစ်-၁၉ ကြောင့် မော်တော်ယာဉ်စစ်ဆေးခြင်းကို ရပ်တန့်ထားရာမှ ဇွန် ၄ ရက်မှစတင်ကာ အမည်ပြောင်းမည်ဆိုပါက မော်တော်ယာဉ် စစ်ဆေးခြင်းများပြုလုပ်ရမည်ဟု ကညနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တရပ်ဆိုင်းထားသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ နှစ်လဲသက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရုံးများ၌ လူစုလူဝေးအနည်းဆုံးဖြစ်စေရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးများရှိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအနက် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ပြီး အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအားလုံးကို ဇွန် ၃၀ အထိ ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းဖြင့်သာ တိုက်ဆိုင်စစ်ဆေးပြီး ယာဉ်စစ်ကင်းလွတ်ခွင့် သက်တမ်းတိုးခြင်းကို လုပ်ဆောင်ပေးခဲ့သည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

သို့သော် ဇွန် ၄ ရက်မှစတင်ကာ မော်တော်ယာဉ်များ သက်တမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမည်ပြောင်းဆောင်ရွက်ပါက ယာဉ်စစ်ဆေးခြင်းဆောင်ရွက်ရမည်ဖြစ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်များလည်း ယာဉ်စစ်ရမည်ဖြစ်ကြောင်း ကညန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ယာဉ်က ဒီနေ့ကစပြီး စစ်လို့ရပြီဆိုတော့ ယာဉ်မှန်မမှန် သိရတယ်။ ဖောက်စွပ်ဖြတ်ဆက်တွေရှိရင်တော့ တခါတည်းအသိမ်းခံရနိုင်တယ်။ ဒါလည်းကောင်းတယ်။ ယာဉ်မှန် မမှန်သိရတော့ ယာဉ်ပိုင်ရှင်တွေအတွက် ပိုအဆင်ပြေတယ်။ အမှန်အကန် ဝယ်ရောင်းတွေအတွက်လည်း အဆင်ပြေတယ်” ဟု မော်တော်ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ကိုဗစ်ကူးစက်မှုများ ပြင်းထန်ခဲ့သည့်အချိန်က လူစုလူဝေးမဖြစ်ပေါ်စေရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ်စစ်ဆေးခြင်းကို လွန်ခဲ့သည့် သုံးနှစ်ကျော်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent