နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်း ဆွေးနွေးနေ

နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်း ဆွေးနွေးနေ
Photo : Getty Images
Photo : Getty Images
Published 1 July 2024

မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

အသက်(၂၄)နှစ်ရှိ ဒီလစ်သည် ၂၀၂၂ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပေါင် (၆၈)သန်းဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ဒီလစ်အနေဖြင့် ပြီးခဲ့သည့်ရာသီအတွင်း ဘိုင်ယန်အသင်းတွင် အဆင်မပြေမှုများရှိခဲ့ပြီး အမှတ်ပေးပွဲ (၁၆)ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက မန်ယူအသင်းနှင့် သတင်းထွက်ခဲ့သူလည်းဖြစ်သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ဇွန်လအစပိုင်းကတည်းက အသင်းမှ ထွက်ခွာသွားသည့် ဗာရန်း၏နေရာကို အစားထိုးရန်အတွက် ခံစစ်အတွင်းလူ ရှာဖွေနေပြီး ဒီလစ်အပြင် အဲဗာတန်အသင်းမှ ဘရန့်ဝိတ်၊ နိုက်စ်အသင်းမှ တိုဒီဘို၊ လိုင်လီအသင်းမှ ယိုရိုတို့ကိုလည်း စိတ်ဝင်စားခဲ့သည်။

သို့သော် ဘိုင်ယန်အသင်းမှ ထွက်ခွာဖွယ်ရှိသည့် ဒီလစ်မှာ မန်ယူအသင်းနှင့် အနီးစပ်ဆုံးဖြစ်နေပြီး ကစားသမားဘက်မှ ပရီးမီးယားလိဂ်ထိပ်သီးကလပ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း သတင်းအချို့က ဖော်ပြခဲ့သည်။

ဒီလစ်အနေဖြင့် မန်ယူအသင်းသို့ ပြောင်းရွှေ့လျှင် အေဂျက်စ်အသင်း၌လက်တွဲခဲ့ဖူးသည့် နည်းပြ တန်ဟက်ဂ်နှင့် ပြန်လည်ဆုံစည်းရမည်ဖြစ်သည်။

ဘိုင်ယန်အသင်းသည် ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၅၉)သန်းအထိ အလိုရှိနေကြောင်း သိရသည်။ ဘိုင်ယန်အသင်းသည် နည်းပြသစ် ကွန်ပနီလက်ထက်တွင် ခံစစ်ပိုင်း အပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိနေပြီး စတုဂတ်နောက်ခံလူ အီတိုအား ခေါ်ယူပြီးနောက် လေဗာကူဆင် နောက်ခံလူ တီအာဟာ ကိုလည်း ကြိုးပမ်းလျက်ရှိသည်။