■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ မိတ်ဆက်
Photo: Opta
Photo: Opta
Published 14 June 2024

■ အုပ်စု (E)

■ ဘယ်လ်ဂျီယံ

- သမိုင်းကြောင်း

ဘယ်လ်ဂျီယံအသင်းသည် ယူရိုပြိုင်ပွဲတွင် (၇)ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး နောက်ဆုံးနှစ်ကြိမ်ဆက် ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည်။  ပထမဆုံးယှဉ်ပြိုင်သည့် ၁၉၇၂ ပြိုင်ပွဲတွင် တတိယနှင့် ၁၉၈၀ ပြိုင်ပွဲတွင် ဒုတိယရခဲ့ခြင်း များက ဘယ်လ်ဂျီယံအသင်း၏ ယူရိုပြိုင်ပွဲသမိုင်းတွင် အအောင် မြင်ဆုံး ဖြစ်ခဲ့သည်။ ဒုတိယရွှေရောင်မျိုးဆက်ကာလတွင်မူ ဘယ်လ်ဂျီယံအသင်းကို များစွာမျှော်မှန်းထားခဲ့ကြသော်လည်း ရည်မှန်းချက်နှင့် ဆန့်ကျင်စွာ ခရီးမတွင်ဘဲ ဖြစ်ခဲ့သည်။ ယူရို-  ၂၀၁၆ ပြိုင်ပွဲတွင် ဝေးလ်စ်၊ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံဖြစ် သွားသည့် အီတလီအသင်းတို့ကို အရေးနိမ့်ခဲ့သော ကွာတားဖိုင်နယ်ပွဲများ၌ ဘယ်လ်ဂျီယံအသင်းက Favourite အသင်းဖြစ်ခဲ့သော်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ မတက်လှမ်းနိုင်ဘဲ ဖြစ်ခဲ့ရသည်။

- လက်ရှိအခြေအနေ

ဘယ်လ်ဂျီယံအသင်းအနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်(၃)နေရာတွင် ရပ်တည်နေပြီး အုပ်စုအနေအထားအရလည်း နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် ဖိအားမရှိနိုင်သော်လည်း ချန်ပီယံရေပန်းစားမှုတွင် အဆင့်(၈)နေရာသာ ရပ်တည်နေခြင်းက ပကတိအခြေအနေအမှန်ကို ဖော်ပြလျက်ရှိသည်။ ယခုယူရိုပြိုင်ပွဲဝင်မည့်အသင်းက ရွှေရောင်မျိုးဆက် နောက်ဆုံးအကြွင်းအကျန်များနှင့် နောက်ပိုင်း ထွက်ပေါ်လာသည့် လူငယ်မျိုးဆက်များနှင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်း ဖြစ်သည်။ ဂိုးသမား ကော်တိုအာကို နည်းပြ တယ်ဒယ်စကိုနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှုကြောင့် ချန်လှပ်ထားခဲ့သည်က အတော်လေးစိတ်ပျက်စရာကောင်းလှသည်။ ဘယ်လ်ဂျီယံအသင်း၏ လက်ရှိခံစစ်ပိုင်းကလည်း ပြိုင်ဘက်အသင်းကြီးတွေကြား အားနည်းချက်များလွန်းလှသည်။ အသင်းခေါင်းဆောင် ဒီဘရိုင်းနား  ဦးဆောင်လာမည့် ကွင်းလယ်၊ ကစားသမားကောင်း များစွာရှိနေသေးသည့် တိုက်စစ်ပိုင်းက ဘယ်လ်ဂျီယံအသင်းကို ထိပ်တန်း အသင်းကြီးတစ်သင်းအဖြစ် သတ်မှတ်နိုင်သေးသည့် အနေအထားဖြစ်သည်။

- အုပ်စုအလားအလာ

ယူရိုပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြိုင်ဘက်အသင်းများက ယူကရိန်း၊ ရိုမေးနီးယားနှင့် ဆလိုဗက်ကီးယားအသင်းများ ဖြစ်နေခြင်းက ဘယ်လ်ဂျီယံအသင်းအတွက် နောက်တစ်ဆင့်တက် ရောက်ရန် စိတ်ပူပန်စရာမလိုသည့် အနေအထားမှာရှိသည်။  သို့သော် ခြေချော်ပြီး အုပ်စုဒုတိယဖြစ်သွားလျှင်မူ (၁၆)သင်း အဆင့်ကတည်းက ပွဲကျပ်တွေ့နိုင်သောကြောင့် ဘယ်လ်ဂျီယံအနေဖြင့် ပွဲတိုင်းကို အာရုံစိုက်ကစားရမည်ဖြစ်သည်။ လက်ရှိ ကစားသမားစုဖွဲ့မှုနှင့် ဘယ်လ်ဂျီယံအသင်း အနိမ့်ဆုံး ကွာတားဖိုင်နယ်အဆင့်အထိ မျှော်လင့်နိုင်ခြေရှိသည်။

■ ယူကရိန်း

စစ်မီးလျှံကြားမှ ယူကရိန်းအသင်းက ဖောက်ထွက်လာပြီး ဒဏ္ဍာရီလာ ဖီးနစ်ငှက်ကဲ့သို့ အင်အားမျိုးကို ပိုင်ဆိုင်ထားလျက်ရှိသည်။ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်လာပြီးနောက် ယူရိုပြိုင်ပွဲကို နောက်ဆုံးလေးကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ် ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ ယူရိုပြိုင်ပွဲခြေစစ်ပွဲ အဆင့်တွင် နာမည်ကြီး အင်္ဂလန်၊ လက်ရှိချန်ပီယံ အီတလီအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သော်လည်း အီတလီအသင်းကို နောက်ဆုံးပွဲစဉ်အထိ ဖိအားပေးနိုင်ခဲ့ပြီး Play-offs လမ်းကြောင်းမှတစ်ဆင့် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ပြည် တွင်းလိဂ်ပြိုင်ပွဲများ ယခင်ကဲ့သို့ မြိုင်မြိုင်ဆိုင်ဆိုင် မကျင်းပနိုင်သော်လည်း လူနင်၊ မူဒရစ်၊ ဇင်ချန်ကို၊ မိုင်ကိုလန်ကို၊ ဇာဘာညီ၊  မာလင်နော့ဗ်စကီး၊ ဒေါ့ဘိခ်၊ ယာရမ်ချု့ခ်စသည့် ဥရောပထိပ် တန်းလိဂ်များတွင် ကစားနေသူအမြောက်အမြားကို ပိုင်ဆိုင်လာခဲ့သည်။ ယူကရိန်းအတွက် ဒုတိယနေရာကို သိပ်အခက်အခဲမရှိ  ရယူနိုင်ခြေများသည်။

■ ရိုမေးနီးယား

ရိုမေးနီးယားအသင်းသည် အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲများတွင် (၆)ကြိမ်မြောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပါဝင်ဆင် နွှဲခဲ့သည့် ပြိုင်ပွဲ(၆)ကြိမ်တွင် ယူရို-၂၀၀၀ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်မှအပ ကျန်ပြိုင်ပွဲများတွင် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။ ယူရိုခြေစစ်ပွဲတွင် အုပ်စုချောင်ထဲ ကျရောက်ခဲ့ပြီး ဆွစ်ဇာလန်အသင်းကို ကျော်ဖြတ်ကာ အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည်ကိုမူ အသိအမှတ် ပြုရပေလိမ့်မည်။ အသင်းလူစာရင်းတွင် စပါးနောက်ခံလူ ဒရာဂူဆင်တစ်ဦးသာ ထင်ရှားသည့်ကစားသမားစာရင်းဝင်ပြီး အသင်းလိုက် စုစည်းမှုဖြင့်သာ အဓိကတည်ဆောက်ထားသည့်အသင်းဖြစ်သည်။ အုပ်စုအနေအထားအရလည်း ယူကရိန်း၊ ဘယ်လ်ဂျီယံ တို့နှင့်ကစားပြီးမှ ဆလိုဗက်ကီးယားနှင့် တွေ့ဆုံနေသောကြောင့် ရိုမေးနီးယားအတွက် ရုန်းကန်ရမည့် ပွဲစဉ်ဇယားဖြစ်ပြီး တတိယနေရာသည်သာ အမြင့်ဆုံးရနိုင်ခြေရှိသည်။

■ ဆလိုဗက်ကီးယား 

ဆလိုဗက်ကီးယားအသင်းအနေဖြင့် ချက်ကိုဆလိုဗက်ကီးယားပြည်ထောင်စုမှ ခွဲထွက်ပြီးနောက် ဆယ်စုနှစ်နှစ်ခုကြာမှ ယူရိုပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ သို့သော် ယူရိုပြိုင်ပွဲကို (၃)ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပထမဆုံးယှဉ်ပြိုင်သည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် (၁၆)သင်းအဆင့် တက်ရောက်ခဲ့ကာ ယူရို-၂၀၂၀ ပြိုင်ပွဲတွင်မူ အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။ ယူရိုခြေစစ်ပွဲတွင် ဆလိုဗက်ကီးယားအသင်းက ပေါ်တူဂီကိုသာ နှစ်ကျော့စလုံး ကပ်အရေးနိမ့်ခဲ့ပြီး  အုပ်စုဒုတိယနေရာဖြင့် ထိုက်ထိုက်တန်တန် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ရှကရီညာ၊ ဒူဘရာကာ၊ လိုဘော့ကာ၊ ဂျွန်ဘယ်၊ ဒူဒါ၊ ကူူစကာ စသည့်ကစားသမားများဖြင့် အမာခံဖွဲ့စည်းထား ပြီး ဘယ်လ်ဂျီယံ၊ ယူကရိန်းအသင်းများနှင့်ကစားပြီးမှ ရိုမေးနီးယားနှင့်တွေ့မည့် ပွဲစဉ်ဇယားကြောင့် ဆလိုဗက်ကီးယား ရုန်းကန်ရနိုင်သော်လည်း တတိယနေရာရရှိရန် ရာခိုင်နှုန်းပိုများသည်။

Most Read

Most Recent