ချယ်လ်ဆီးနည်းပြရာထူးသည် မည်သည့်နည်းပြမဆို အိပ်မက်မက်နေသည့် နေရာဖြစ်ကြောင်း နည်းပြသစ် မာရက်စကာ မှတ်ချက်ပြု

ချယ်လ်ဆီးနည်းပြရာထူးသည် မည်သည့်နည်းပြမဆို အိပ်မက်မက်နေသည့် နေရာဖြစ်ကြောင်း နည်းပြသစ် မာရက်စကာ မှတ်ချက်ပြု
Photo: GiveMeSport
Photo: GiveMeSport
Published 5 June 2024

 

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာသည့်  အန်ဇိုမာရက်စကာက အသင်းနည်းပြရာထူးသည် မည်သည့်နည်းပြမဆို အိပ်မက်မက်နေသည့်နေရာဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် လက်စတာအသင်းမှ အီတလီနည်းပြ မာရက်စကာကို နည်းပြသစ်အဖြစ် ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်လိုက် ကြောင်း မေ ၃ ရက်တွင် အတည်ပြုကြေညာခဲ့သည်။ "ချယ်လ်ဆီးကို ပြောင်းရွှေ့တာဟာ ဘယ်နည်းပြမဆို အိပ်မက်မက်နေတဲ့ နေရာတစ်ခုဖြစ်လို့ပါ။ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်တွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ အလွန်အရည်အသွေးရှိတဲ့ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ဒီအသင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတူတကွအလုပ်လုပ်ဖို့ မျှော်လင့်စောင့်စားနေမိပါတယ်။ ကလပ်ရဲ့ အောင်မြင်မှုအစဉ်အလာ ဆက်ရှိနေဖို့နဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ ဂုဏ်ယူရမယ့် အသင်းတစ်သင်းဖြစ်အောင် လုပ်ဆောင်ပေးလိုပါတယ်"ဟု မာရက်စကာက ချယ်လ်ဆီး အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် အာဂျင်တီးနား နိုင်ငံသားနည်းပြ ပိုချက်တီနိုနှင့် မေလအတွင်း လမ်းခွဲခဲ့ပြီးနောက် ယင်းနေရာတွင် မာရက်စကာနှင့် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။ မာရက်စကာသည် မန်စီးတီးအသင်းတွင် ဂွါဒီယိုလာ၏လက်အောက်၌ လက် ထောက်နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ လက်စတာအသင်းကို ကိုင်တွယ်ကာ လိဂ်ချန်ပီယံရှစ် ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ 

ထို့ကြောင့် ချယ်လ်ဆီးအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ငါးနှစ်စာချုပ်အပြင် တစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် မာရက်စကာနှင့် ၎င်း၏နည်းပြအဖွဲ့ဝင် ခြောက်ဦးကို ခေါ်ယူခဲ့ခြင်းအတွက် လက်စတာအသင်းထံ လျော်ကြေး ပေါင်(၁၀)သန်းဝန်းကျင် ပေးချေခဲ့ရသည်။ 

အသက် ၄၄ နှစ်အရွယ်ရှိ မာရက်စကာသည် ချယ်လ်ဆီးအသင်း၏ ငါးနှစ်အတွင်း ခြောက်ဦးမြောက် နည်းပြခန့်အပ်မှုဖြစ်ပြီး ၂၀၂၂ မေလတွင် အမေရိကန်ပိုင်ရှင်များက ဝယ်ယူပြီးနောက် လေးဦးမြောက်နည်းပြလည်းဖြစ်သည်။ 

Most Read

Most Recent