ထွန်းမင်းအောင် ONE Friday Fight 65 တွင် ရုရှားဖိုက်တာနှင့် ထိုးသတ်မည်

ထွန်းမင်းအောင် ONE Friday Fight 65 တွင် ရုရှားဖိုက်တာနှင့် ထိုးသတ်မည်
Photo: ONE
Photo: ONE
Published 28 May 2024

မြန်မာ့ရိုးရာ လူငယ်လက်ဝှေ့သမား ထွန်းမင်းအောင်သည် ONE Friday Fight 65 တွင် ရုရှားဖိုက်တာ ဒီမီထရီခီရိဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ONE Friday Fight 65 ပြိုင်ပွဲကို မေ (၃၁) တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမဏ္ဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း(၁၂) ဆိုင်း ပါဝင်မည်ဖြစ်ပြီး ထွန်းမင်းအောင်နှင့် ခီရိဗ်တွဲဆိုင်းမှာ ပွဲစဉ်(၅) တွင် ဖယ်သာဝိတ်တန်း (၅၇ ကီလို) မွေထိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ထွန်းမင်းအောင်သည် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်း၏ ညီငယ်ဖြစ်ပြီး အသက် (၁၈)နှစ်သာရှိသေးသူဖြစ်သည်။

ထွန်းမင်းအောင်သည် အရပ် (၅)ပေ၊ (၁၁) လက်မရှိသူ ဖြစ်ပြီး ဘယ်သန်ကစားသမားဖြစ်သည်။

ထွန်းမင်းအောင်သည် ဂျပန်ဖိုက်တာ တိုခဲရှိနှင့် သရေကျထားပြီး ပထမတန်းရိုးရာလက်ဝှေ့ကျော် အောင်ခိုင်ကို အနိုင်ရထားသူဖြစ်သည်။

ထွန်းမင်းအောင်သည် ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက ရန်ကုန်မြို့တွင်ပြုလုပ်သည့် မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ပီသက်ကို အလဲထိုးဖြင့် အနိုင်ရထားသည်။

ထွန်းမင်းအောင်နှင့် ထိုးသတ်မည့် ရုရှားဖိုက်တာ ဒီမီထရီခီရိဗ်သည် MMA (၃) ပွဲထိုးသတ်ထားရာ (၃) ပွဲစလုံး အနိုင်ရရှိထားပြီး အလဲထိုးဖြင့် (၁)ပွဲ၊ အမှတ် ဖြင့် (၂)ပွဲဖြစ်ကြောင်း သိရသည်။

ခီရိဗ်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် မတ်လအတွင်းက ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ခီရိဗ်သည် ထွန်းမင်းအောင်ကဲ့သို့ပင် ONE နှင့် ပထမဆုံးအကြိမ် စတင်လက်တွဲထိုးသတ်လာသူဖြစ်ပြီး ယခင်က Kickboxing ကစားဖူးသူဖြစ်သည်။

Most Read

Most Recent