မကြာမီက စတင်ခဲ့သည့် စီရော်နယ်လ်ဒို၏ YouTube Channel သစ် YouTube သမိုင်းတွင် Subscriber စံချိန်သစ်များ ဆက်တိုက်တင်ရှိ

မကြာမီက စတင်ခဲ့သည့် စီရော်နယ်လ်ဒို၏ YouTube Channel သစ် YouTube သမိုင်းတွင် Subscriber စံချိန်သစ်များ ဆက်တိုက်တင်ရှိ
Photo: YouTube
Photo: YouTube
Published 26 August 2024

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ကိုယ်ပိုင် YouTube Channel  ကို သြဂုတ် (၂၁)ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် YouTube သမိုင်းတွင် Subscriber စံချိန်များ ဆက်တိုက်တင်ရှိနေကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏ Channel  တွင် သြဂုတ်လ(၂၆)ရက်အထိ Subscriber အရေအတွက် (၄၄.၇)သန်းကျော် ရှိလာခဲ့သည်။

အသက်(၃၉)နှစ်ရှိပြီဖြစ်သည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ၎င်း၏ တရားဝင် YouTube Channel  ဖြစ်သည့် UR Cristiano ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သြဂုတ်(၂၁) ရက် မြန်မာစံတော်ချိန် ည (၇)နာရီ (၄၈)မိနစ်အချိန်တွင် မိတ်ဆက်ကြေညာခဲ့သည်။

စီရော်နယ်လ်ဒို၏ Channel  သည် တရားဝင်ကြေညာအပြီး မိနစ်(၉၀)မပြည့်မီမှာပင် Subscriber တစ်သန်း ပြည့်ခဲ့ပြီး YouTube တွင် အမြန်ဆုံး Subscriber တစ်သန်းပြည့်သည့် Channel  ဖြစ်လာခဲ့သည်။

ယင်းနောက်တွင် နာရီအနည်းငယ်အတွင်း စံချိန်တင်အဖြစ် Subscriber (၁၀)သန်း ပြည့်မြောက်ခဲ့ပြီး နှစ်ရက်အတွင်းတွင် Subscriber သန်း(၃၀)ကျော်သွားခဲ့ခြင်းဖြစ်သည်။

သြဂုတ်(၂၆)ရက် ညပိုင်းအချိန်အထိ ဗီဒီယို (၁၃)ပုဒ်နှင့် Shorts ဗီဒီယို (၇)ပုဒ် တင်ထားပြီး ကြည့်ရှုသူအရေအတွက်မှာလည်း သန်းပေါင်းများစွာ ရှိလာခဲ့သည်။

Subscriber တစ်သန်းပြည့်မြောက်မှု အထိမ်းအမှတ်အဖြစ် ပေးအပ်သည့် Gold Creator Award ကို စီရော်နယ်လ်ဒိုက သူ၏ကလေးများအား ပြသနေသည့်  ''The golden button... for my golden kids'' ဟု အမည်ပေးထားသော ဗီဒီယိုမှာ ကြည့်ရှုမှုအများဆုံးအဖြစ် (၃၉)သန်းကျော်အထိ ရရှိထားသည်။

စီရော်နယ်လ်ဒိုအနေဖြင့် စတင်မိတ်ဆက်သည့်နေ့က ဗီဒီယို(၁၂)ပုဒ် တင်ရှိခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက နောက်ထပ်တစ်ပုဒ်သာ ထပ်တင်ထားခြင်းဖြစ်သည်။

သို့ဖြစ်ရာ စီရော်နယ်လ်ဒိုအနေဖြင့် YouTube တွင် Subscriber အများဆုံးစံချိန်တင်ထားသည့် အမေရိကန် YouTuber ဖြစ်သူ MrBeast ကိုပင် စိန်ခေါ်နိုင်မည့် အလားအလာရှိကြောင်း သုံးသပ်မှုများရှိနေသည်။

Mr Beast မှာ Subscriber အရေအတွက် (၃၁၂)သန်းဖြင့် စံချိန်တင်ထားခြင်းဖြစ်ပြီး TikTok တွင် Follower (၁၀၃) သန်းဖြင့် တတိယအများဆုံး၊ Instagram တွင် Follower သန်း (၆၀)နှင့် X (ယခင် Twitter) တွင် Follower (၃၀.၉)သန်း ပိုင်ဆိုင်ထားသည်။

စီရော်နယ်လ်ဒိုမှာလည်း Instagram တွင် Follower (၆၃၆)သန်းနှင့် Facebook တွင် Follower သန်း (၁၇၀)အထိရှိပြီး ကမ္ဘာတစ်ဝန်း Follower အများဆုံး လူပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိသည်။

ထို့ပြင် ၎င်းသည် X တွင် Follower (၁၁၂.၅) သန်းဖြင့် X ပိုင်ရှင်ဖြစ်သူ အီလွန်မက်စ် (၁၉၅ သန်း) နှင့် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား (၁၃၁ .၇ သန်း) တို့ပြီးလျှင် တတိယအများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Most Read

Most Recent