အဓိကပြိုင်ပွဲကြီးများ၌ အင်္ဂလန်အသင်းအတွက် (၂၂)ပွဲဆက် ပါဝင်ကစားခဲ့သည့် အက်လ်ရှ်လေကိုးလ်၏စံချိန်ကို ဂျွန်စတုန်းစ်နှင့် ပစ်ဖို့ဒ်တို့ ကျော်ဖြတ်

အဓိကပြိုင်ပွဲကြီးများ၌ အင်္ဂလန်အသင်းအတွက် (၂၂)ပွဲဆက် ပါဝင်ကစားခဲ့သည့် အက်လ်ရှ်လေကိုးလ်၏စံချိန်ကို ဂျွန်စတုန်းစ်နှင့် ပစ်ဖို့ဒ်တို့ ကျော်ဖြတ်
Photo : Getty Images
Photo : Getty Images
Published 1 July 2024

အင်္ဂလန်အသင်း၏ နောက်ခံလူ ဂျွန်စတုန်းစ်နှင့် ဂိုးသမား ပစ်ဖို့ဒ်တို့သည် အဓိကပြိုင်ပွဲကြီးများ၌ အင်္ဂလန်အသင်းအတွက် (၂၂)ပွဲဆက်တိုက်ကစားထားသည့်  လက်ရွေးစင်ဟောင်း အက်ရှ်လေကိုးလ်၏ ပွဲဆက်အများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

ဆလိုဗက်ကီးယားနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယူရို -၂၀၂၄ (၁၆)သင်းအဆင့်ပွဲစဉ်တွင် ဂျွန်စတုန်းစ်နှင့် ပစ်ဖို့ဒ်တို့ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ယင်းပွဲမှာ ၎င်းတို့နှစ်ဦးစလုံးအတွက် အဓိကပြိုင်ပွဲကြီးများ၌ (၂၃)ပွဲဆက်တိုက် ပါဝင်ကစားခွင့်ရရှိခြင်းဖြစ်သည်။ ထို့ကြောင့် အင်္ဂလန်လက်ရွေးစင်အသင်း၏သမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီးများ၌  ပွဲဆက်အများဆုံး ကစားခွင့်ရရှိသူများအဖြစ် ပူးတွဲစံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်း၏ ကစားသမားဟောင်းဖြစ်သည့် အက်ရှ်လေကိုးလ်သည် အင်္ဂလန်အသင်းအတွက် ၂၀၀၁ မှ ၂၀၁၄ ခုနှစ်အထိ ယှဉ်ပြိုင်ကစားခဲ့ရာ၌ အဓိကပြိုင်ပွဲကြီးများဖြစ်သော ကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်နှင့် ယူရိုပြိုင်ပွဲ(၂)ကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ရာတွင် (၂၂)ပွဲဆက် ကစားခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်သည် ၂၀၁၄ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခုအတွင်း အင်္ဂလန်အသင်းအတွက် စုစုပေါင်း(၇၆)ပွဲ ယှဉ်ပြိုင်ခဲ့ပြီးဖြစ်သည်။ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်မှာ ၂၀၁၇ တွင် အင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်၌ စုစုပေါင်း(၆၅)ပွဲ ယှဉ်ပြိုင်ခဲ့ပြီးဖြစ်သည်။ ပစ်ဖို့ဒ်သည် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှစ၍ အင်္ဂလန်အသင်း၏ ပထမဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး ဆလိုဗက်ကီးယားနှင့်ပွဲမတိုင်မီ သွေး ပူလေ့ကျင့်ခန်းပြုလုပ်ရာ၌ ဒဏ်ရာရရှိခဲ့သော်လည်း ပါဝင်ကစားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ ပစ်ဖို့ဒ်သည် အသင်းဖော်များ၏ ဂိုးကန်သွင်းမှုကို ကာကွယ်ရာ၌ ဘယ်ဘက်လက်တွင် ဒဏ်ရာရရှိခဲ့သည့်ပုံစံ မြင်တွေ့ခဲ့ရကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။ သို့သော် ပွဲယှဉ်ပြိုင်ချိန်တွင် ပါဝင်ကစားကာ ဂျွန်စတုန်းစ် နှင့်အတူ စံချိန်သစ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် အင်္ဂလန်အသင်းအတွက် အရေးပါသော ချေပဂိုးသွင်းယူပေးခဲ့သည့် ကွင်းလယ်တိုက်စစ်ကစားသမား ဘယ်လင်ဟမ်သည် ၂၀၂၃-၂၄ ဘောလုံးရာသီအတွင်း ဒုတိယပိုင်းနာကျင်အချိန်ပိုများ၌ ဂိုးသွင်းယူနိုင်မှုမှာ (၆) ဂိုးအထိ ရှိလာပြီး ရီးယဲလ်အသင်းအတွက် (၄)ဂိုးနှင့် အင်္ဂလန်အသင်းအတွက် (၂)ဂိုးသွင်းယူကာ ယင်း(၆)ဂိုးစလုံးမှာ အသင်းများအတွက် ဦးဆောင်ဂိုးနှင့် ချေပဂိုးများ ဖြစ်ခဲ့သည်။

Most Read

Most Recent