အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် VAR စနစ် ကျင့်သုံးသွားမည်ဖြစ်ပြီး AFF ပြိုင်ပွဲများတွင် ပထမဆုံး စတင်အသုံးပြုခြင်းဖြစ်

အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် VAR စနစ် ကျင့်သုံးသွားမည်ဖြစ်ပြီး AFF ပြိုင်ပွဲများတွင် ပထမဆုံး စတင်အသုံးပြုခြင်းဖြစ်
Photo: AFF
Photo: AFF
Published 6 May 2024

MNL ကလပ် ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် VAR စနစ် ကျင့်သုံးသွားမည်ဖြစ်ပြီး AFF အဆင့်ပြိုင်ပွဲများတွင် ပထမဆုံး စတင်အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည်  ကျင်းပပြီးစီးခဲ့သည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ် (မစ်ဆူဘီရှီအီလက်ထရစ်ဖလား) ပြိုင်ပွဲကတည်းက VAR စနစ် ကျင့်သုံးရန် ကြိုးပမ်းခဲ့သော်လည်း ယခုမှသာ အကောင်အထည်ပေါ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် AFF သည် အာဆီယံဒေသတွင်း နိုင်ငံများ၌ ကျင်းပပြုလုပ်နေသည့် ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင်လည်း VAR စနစ် ကျင့်သုံးစေရန် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်နေလျက်ရှိသည်။

လက်ရှိတွင် အာဆီယံဒေသတွင်း၌ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံ သုံးနိုင်ငံတို့မှာ ၎င်းတို့၏ ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် VAR စနစ် ကျင့်သုံးနေပြီဖြစ်ပြီး မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံမှာလည်း လာမည့်ရာသီမှစကာ VAR စနစ် ကျင့်သုံးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

AFF သည်  ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် VAR စနစ် ကျင့်သုံးသွားမည်ဖြစ်သောကြောင့် ပြီးခဲ့သည့် မေ ၄၊ ၅ ရက်များက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ချိတ်ဆက်၍ VAR Kick-OFF Meeting ပြုလုပ်ကာ ဒိုင်လူကြီးနှင့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို Online မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) မှ တာဝန်ရှိသူများ၊ VAR စနစ် တာဝန်ယူထားသည့် ကျွမ်းကျင်သူများ၊ ဒေသတွင်းနိုင်ငံများမှ ပြိုင်ပွဲကျင်းပရေးနှင့် ဒိုင်လုပ်ငန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်နှင့် ခြေစစ်ပွဲ Play-off အဆင့် မဲခွဲပွဲအခမ်းအနားကို မေ ၉ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ဒေသစံတော်ချိန် မနက်(၁၁) နာရီ(မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီခွဲ) တွင် ပြုလုပ်မည် ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ခြေစစ်ပွဲ Play-off အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအဆင့်ကို ကျော်ဖြတ်နိုင်မှသာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

Most Read

Most Recent