ပွဲထိုးသတ်ရန် မိမိ၏အသင်းက အဆင်သင့်ပြင်ဆင်ပေးထားကြောင်း ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် မထိုးသတ်မီ  ထီရယ်လ်ထန် ပြောကြား

ပွဲထိုးသတ်ရန် မိမိ၏အသင်းက အဆင်သင့်ပြင်ဆင်ပေးထားကြောင်း ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် မထိုးသတ်မီ  ထီရယ်လ်ထန် ပြောကြား
Photo: Tialzathang77
Photo: Tialzathang77
Published 4 April 2024

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်သည် LFA 181 ပြိုင်ပွဲတွင် ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ယင်းပွဲအတွက် သူ၏အသင်း Killcilff FC က အဆင်သင့်ပြင်ဆင်ပေးထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထီရယ်လ်ထန်က ''ကျွန်တော့်ကို ပွဲထိုးသတ်ဖို့ပေးတဲ့အတွက် LFA ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့အသင်း Killcliff FC ကိုလည်း ကျေးဇူးတင်ပါတယ်။ Killcliff FC က ကျွန်တော့်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးထားပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့အိပ်မက်နောက်ကို လိုက်နေဆဲပါ''ဟု သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

LFA 181 ပြိုင်ပွဲကို လာမည့် ဧပြီ(၆) ရက်တွင် အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ ပရီရားလိတ်မြို့ရှိ မိုင်စတစ်လိတ်ကာစီနိုဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်သည် ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

LFA 181 ပြိုင်ပွဲကို အမေရိကန်ဒေသစံတော်ချိန် ဧပြီ (၅) ရက် (သောကြာည)တွင် ကျင်းပမည်ဖြစ်ရာ မြန်မာစံတော်ချိန် ဧပြီ (၆)ရက် (စနေနေ့) နံနက်အစောပိုင်းအချိန်တွင် UFC Fight Pass တွင်  ကြည့်ရှုရမည်ဖြစ်သည်။

LFA 181 ပြိုင်ပွဲတွင် တွဲဆိုင်း (၁၄) ပွဲပါဝင်မည်ဖြစ်ပြီး ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်သည် ဒုခေါင်ပွဲအဖြစ် ဘင်တန်ဝိတ်တန်း၌  ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အဓိကခေါင်ပွဲအဖြစ် LFA ကြားဖြတ်ဖလိုင်းဝိတ်ချန်ပီယံ ခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးလ်ဖိုက်တာ အက်ဂွါဆီကွီရာနှင့် စိန်ခေါ်သူ အမေရိကန်ဖိုက်တာ ဟာနန်ဒက်ဇ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ထီရယ်လ်ထန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ကွမ်လီသည် ပရော်ဖက်ရှင်နယ် MMA ပွဲ (၇)ပွဲ ထိုးသတ်ထားရာ ရှုံးပွဲတစ်ပွဲမှမရှိဘဲ (၇) ပွဲစလုံး အနိုင်ရရှိထားသည်။

ထီရယ်လ်ထန်သည် ပရော်ဖက်ရှင်နယ် MMA ပွဲ (၉) ပွဲ ထိုးသတ်ထားရာ (၆) ပွဲအနိုင်ရရှိထားပြီး (၃) ပွဲရှုံးနိမ့်ထားသည်။

ထီရယ်လ်ထန်သည် ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက All In Combat-4 ပြိုင်ပွဲ၊ ဘင်တန်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲအဖြစ် အမေရိကန်နိုင်ငံသား ချားရစ်အိုကွန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent