ရာထူးမှချက်ချင်းထုတ်ပယ်ရန် တောင်းဆိုမှုများရှိနေသော်လည်း တန်ဟက်ဂ်အား ယခုရာသီကုန်အထိ အသင်းနည်းပြအဖြစ် မန်ယူအသင်း ဆက်ထားဖွယ်ရှိ

ရာထူးမှချက်ချင်းထုတ်ပယ်ရန် တောင်းဆိုမှုများရှိနေသော်လည်း တန်ဟက်ဂ်အား ယခုရာသီကုန်အထိ အသင်းနည်းပြအဖြစ် မန်ယူအသင်း ဆက်ထားဖွယ်ရှိ
Photo : Getty Images
Photo : Getty Images
Published 9 May 2024

မန်ယူအသင်းသည် အသင်းနည်းပြ တန်ဟက်ဂ်အား ရာထူးမှချက်ချင်းထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိနေသော်လည်း ၎င်းကို အသင်းနည်းပြအဖြစ် ယခုရာသီကုန်အထိ ဆက်လက်ထားရှိဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် မေလ (၆)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား (ဝ-၄) ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။ ယင်းပွဲအပြီးတွင် မန်ယူကစားသမားဟောင်းများဖြစ်သည့် ပေါလ်စခိုးလ်၊ မိုက်ကယ်အိုဝင်တို့အပါအဝင် အသင်းပရိသတ်အချို့က ၎င်းအား ရာထူးမှချက်ချင်းထုတ်ပယ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။ သို့သော် မန်ယူအသင်းအနေဖြင့် ဖိအားများနှင့်ရင်ဆိုင်နေရသည့် အသင်းနည်းပြ တန်ဟက်ဂ်အား မေလ (၂၅) ရက်တွင် မန်စီးတီးအသင်းနှင့်ကစားမည့် FA ဖလား ဗိုလ်လုပွဲ မတိုင်မီအထိ အသင်းနည်းပြရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းထိပ်တန်းတာဝန်ရှိသူများသည် ရာသီကုန်ရန် (၄) ပွဲ(ပရီးမီးယားလိဂ် ၃ ပွဲနှင့် FA ဖလားဗိုလ်လုပွဲ)သာ ကျန်တော့သည့်အချိန်တွင် အသင်းနည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ခြင်းမှာ အကျိုးမရှိနိုင်ဟု ယုံကြည်နေကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူ အသင်းတာဝန်ရှိသူများသည် တန်ဟက်ဂ်အား ယခုရာသီကုန်အထိ အသင်းတွင် ဆက်ထား ပြီး FA ဖလားဗိုလ်လုပွဲအပြီးတွင်မှ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ တန်ဟက်ဂ်ကမူ ၎င်းအနေဖြင့် မန်ယူအသင်းကို ပြန်လည်ဦးမော့လာအောင် စွမ်းဆောင်ပေးနိုင်ဦးမည်ဟု ယုံကြည်ကြောင်းနှင့် ကစားသမားများ၏ထောက်ခံ မှုကိုလည်း ရရှိထားဆဲဖြစ်ကြောင်း ပြောကြားထားသည်။

သို့သော် Daily Mail ၏ ဖော်ပြချက်အရ မန်ယူကစားသမားအများစုသည် နည်းပြ တန်ဟက်ဂ်အနေဖြင့် ယခုရာသီကုန်တွင် ရာထူးမှထုတ်ပယ်ခံရလိမ့်မည်ဟု ယုံကြည်နေကြကြောင်း သိရသည်။ ထို့ပြင် တန်ဟက်ဂ်သည် အဝတ်လဲခန်းတွင် ကစားသမားများ၏ယုံကြည်မှုကို မရတော့သလို၊ လွှမ်းမိုးနိုင်စွမ်းလည်း မရှိတော့ကြောင်း သိရသည်။

Most Read

Most Recent