မြောက်ကိုရီးယားတွင် ကွယ်လွန်သွားခဲ့သည့် ၀ါဒဖြန့်အကြီးအကဲဟောင်း၏ စျာပနကို ကင်ဂျုံအွန် တက်ရောက်ဂါရဝပြု

မြောက်ကိုရီးယားတွင် ကွယ်လွန်သွားခဲ့သည့် ၀ါဒဖြန့်အကြီးအကဲဟောင်း၏ စျာပနကို ကင်ဂျုံအွန် တက်ရောက်ဂါရဝပြု
မေ ၈ ရက်က မြောက်ကိုရီးယား၏  ၀ါဒဖြန့်အကြီးအကဲဟောင်းကင်ကီနမ်၏ စျာပနကို တက်ရောက်လာသည့် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
မေ ၈ ရက်က မြောက်ကိုရီးယား၏  ၀ါဒဖြန့်အကြီးအကဲဟောင်းကင်ကီနမ်၏ စျာပနကို တက်ရောက်လာသည့် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
Published 8 May 2024

မြောက်ကိုရီးယားတွင် ကင်မိသားစု၏ သားစဉ်မြေးဆက်အုပ်ချုပ်မှုတွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိုးကွယ်ယုံကြည်မှုကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ၀ါဒဖြန့်အကြီးအကဲဟောင်းသည် ကွယ်လွန်သွားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မေ ၈ ရက်တွင် ဖော်ပြခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ထိုစျာပနအခမ်းအနားကို တက်ရောက်ပြီး အလောင်းစင်ကို ဂါရဝပြုခဲ့သည်။

ကင်မ်ကီနမ်သည် ၂၀၂၂ ခုနှစ်ကတည်းက ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ရပြီး အသက်အရွယ်ကြီးရင့်မှုနှင့် ကိုယ်တွင်းအင်္ဂါ များအလုပ်မလုပ်တော့သဖြင့် မေ ၇ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

ကင်ဂျုံအွန်သည် မေ ၈ ရက်အစောပိုင်းက စျာပနအခမ်းအနားပြုလုပ်သည့် ခန်းမထဲသို့ ရောက်ရှိခဲ့ပြီး ကင်မိသားစုကို အကန့်အသတ်မရှိ သစ္စာခံခဲ့သည့် အတွေ့အကြုံရင့် တော်လှန်ရေးသမားတစ်ဦးအား ဆုံးရှုံးရသည့်အတွက် အလွန်စိတ်မကောင်ခြင်းကြီးစွာဖြင့် အလောင်းစင်ကို ကြည့်ရှုခဲ့ကာ ဂါရဝ ပြုခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

ကင်ဂျုံအွန်၏ အမည်တပ်ထားသည့် လွှမ်းသူပန်းခွေကို အလောင်းစင်ရှေ့တွင် ချခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ကင်ကီနမ်သည် ၀ါဒဖြန့်မှုများအတွက် မြောက်ကိုရီးယား၏ အဓိကဌာနများကို ဦးဆောင်သူအဖြစ် လူသိများသူဖြစ်သည်။

၁၉၇၀ ပြည့်နှစ်ကာလများက သူသည် မြောက်ကိုရီးယား၏ နိုင်ငံပိုင် Rodong Sinmun သတင်းစာကို ဦးဆောင်ခဲ့သည်။

သူသည် ကင်မိသားစု၏ သားစဉ်မြေးဆက်အုပ်ချုပ်မှုကို ကိုးကွယ်ယုံကြည်အောင် ကြိုးကိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံထားရပြီး တော်လှန်ရေးနှင့် ပါတီ၏ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးဖြစ်ကာ ဂုဏ်သတင်းကြီးပြီး ထင်ရှားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှား သူတစ်ဦးအဖြစ် KCNA က ဖော်ပြခဲ့သည်။

Rodong Sinmun သတင်းစာက ထုတ် ပြန်သည့် ဓာတ်ပုံတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကင်ဂျုံအွန်သည် ပါတီ ထိပ်သီးအရာရှိများ စစ်ဘက်အရာရှိများနှင့်အတူ ပန်းများဖြင့်အလှဆင်ထားသည့် အလောင်းစင်ရှေ့တွင် အရိုအသေပြုနေပုံကို မြင်တွေ့ရသည်။

မြောက်ကိုရီးယားကို ထူထောင်သည့် ကင်အီဆွန်းက စတင်ခဲ့သည့် ကင်မိသားစုသည် မြောက်ကိုရီးယားကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီး အာဏာကို သားစဉ်မြေးဆက်လက် ဆင့်ကမ်းခဲ့သည်။

မြောက်ကိုရီးယား၏ ကင်မိသားစုသည် Paektu မိသားစုမျိုးဆက်ဟူသည့် အသုံးအနှုန်းကို အသုံးပြုခဲ့ပြီး Paektu သည် မြောက်ကိုရီးယား၏ အမြင့်ဆုံးတောင်ဖြစ်ကာ ကွယ်လွန်သွားပြီဖြစ်သည့် ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ၏ မွေးရပ်ဒေသဖြစ်သည်။

ကင်ကီနမ်သည် နာဇီတို့အတွက် ၀ါဒ ဖြန့်ပေးခဲ့သည့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ပေါလ်ဂျိုးဆက် ဂိုဘယ်လ်ကဲ့သို့ ဖြစ်ကြောင်း မြောက်ကိုရီးယားပြည်ပြေးဘဝမှ သုတေသနပညာရှင်တစ်ဦးဖြစ်သည့် မြောက်ကိုရီးယားလေ့လာရေး ကမ္ဘာ့အင်စတီကျုမှ အန်ချန်အီက ပြောကြားခဲ့သည်။

“ကင်မိသားစုရဲ့ ၀ါဒဖြန့်မှုနဲ့ သွေးထိုးလှုံ့ဆော်ရေး မဟာဗျူဟာတွေက ကင်ကီနမ်ရဲ့  စိတ်ကူးစိတ်သန်းတွေဖြစ်တယ်လို့ ပြောလို့ ရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် ကင်ကီနမ်သည် မြောက်ကိုရီးယားအစိုးရအဖွဲ့အတွက် ၀ါဒဖြန့်ချိရေးတာဝန်များကို ကင်ဂျုံအွန်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံကို လွှဲပြောင်းပေးခဲ့သည်။

ကင်ကီနမ်သည် ၂၀၀၅ ခုနှစ်က ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားများကို ဂုဏ်ပြုထုားသည့် တောင်ကိုရီးယား၏ အမျိုးသား သချႋုင်းသို့ လာရောက်ခဲ့သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။

Most Read

Most Recent