ဂါဇာအကြီးဆုံးဆေးရုံ အယ်လ်ရှီဖာတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်ကြာစစ်ဆင်ရေး ပြီးစီးသွားပြီဟု အစ္စရေးစစ်တပ် ထုတ်ပြန်

ဂါဇာအကြီးဆုံးဆေးရုံ အယ်လ်ရှီဖာတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်ကြာစစ်ဆင်ရေး ပြီးစီးသွားပြီဟု အစ္စရေးစစ်တပ် ထုတ်ပြန်
အယ်လ်ရှီဖာဆေးရုံအနီးနား၌ ထိခိုက်ပျက်စီးမှုများကို ပါလက်စတိုင်းသားများ လိုက်လံကြည့်ရှုနေပုံကို ဧပြီ ၁ ရက်တွင် တွေ့ရစဉ်
အယ်လ်ရှီဖာဆေးရုံအနီးနား၌ ထိခိုက်ပျက်စီးမှုများကို ပါလက်စတိုင်းသားများ လိုက်လံကြည့်ရှုနေပုံကို ဧပြီ ၁ ရက်တွင် တွေ့ရစဉ်
Published 2 April 2024
Ref;AFP

ဂါဇာကမ်းမြောင်၌  အကြီးဆုံးဆေးရုံ ဖြစ်သော အယ်လ်ရှီဖာကို သီတင်းနှစ်ပတ်ကြာစီးနင်းမှု ပြီးစီးသွားပြီဟု ဧပြီ ၁ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး နှစ်ပတ်ကြာစစ်ဆင်ရေးအတွင်း ယင်းဆေးရုံဝင်း၌ မီးကျွမ်းထားသော အဆောက်အအုံများနှင့် အလောင်းများရှိနေခဲ့သည်ဟု သိရသည်။

အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ အယ်လ်ရှီဖာဆေးရုံတွင် တိကျသော စစ်ဆင်ရေးကို သီတင်းနှစ်ပတ်ကြာ လုပ်ဆောင်မှုပြီး စီးသွားပြီဖြစ်၍ အစ္စရေးစစ်သားများကို ယင်းနေရာမှ ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်သည် အယ်လ်ရှီဖာဆေးရုံအနီးဝန်းကျင်နေရာများကို စစ်ဆင်ခြင်းအား မတ် ၁၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆင်ရေးသည် ဟားမာ့စ်စစ် သွေးကြွများကို ပစ်မှတ်ထားသည့် တိကျမှုရှိသော စစ်ဆင်ရေးဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ ဟားမာ့စ် စစ်သွေးကြွများသည် အယ်လ်ရှီဖာဆေးရုံမှတစ်ဆင့် စစ်ဆင်ရေးလုပ်နေခြင်းဖြစ်သည်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။

အယ်လ်ရှီဖာဆေးရုံမှလည်းကောင်း၊ အခြားသော ဆေးရုံများမှလည်းကောင်း စစ်ဆင်ရေးလုပ်နေသည်ဆိုခြင်းကို ဟားမာ့စ်က ငြင်းဆန်ထားသည်။     

ယင်းဆေးရုံဝင်းထဲတွင် အလောင်း ဒါဇင်ပေါင်းများစွာကိုတွေ့ခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် အစ္စရေးစစ်တပ်က တင့်ကားများနှင့် မော်တော်ယာဉ်များကို ပြန်လည်ရုပ်သိမ်းသွားသည်ကိုလည်း အေအက်ဖ်ပီသတင်းထောက်များ၊ မျက်မြင်တွေ့သူများက တွေ့သည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်သည် အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်ရှိ အယ်လ်ရှီဖာဆေးရုံကြီးမှ တင့်ကားများနှင့် မော်တော်ယာဉ်များကို ပြန်ရုပ်သွားသည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းဆေးရုံတွင် အကြီးစားစစ်ဆင်ရေးလုပ်ခဲ့ပြီးနောက် ရက်ပေါင်းများစွာအကြာတွင် ယခုကဲ့သို့ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

အယ်လ်ရှီဖာဆေးရုံထဲတွင် အစ္စရေးစစ်သားများသည် ပါလက်စတိုင်း စစ်သွေးကြွများကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ အနည်းဆုံး လူ ၂၀၀ သေဆုံးသွားခဲ့ပြီး လက်နက်များ၊ ဖောက်ခွဲရေး ပစ္စည်းများ၊ ငွေသားများကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၉၀၀ ကျော်ကို အစ္စရေးက ဖမ်းဆီးခဲ့သည်ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောကြားခဲ့သည်။ ၎င်းတို့ထဲက လူ ၅၀၀ ကျော်သည် ဟားမာ့စ် စစ်သွေးကြွများ သို့မဟုတ် အစ္စလာမ်မစ်ဂျီဟတ်များဖြစ်သည်မှာ သေချာသည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ဆေးရုံမှာ လူနာတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေထက် စစ်သွေးကြွတွေပို များနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး လူနာ၊ ဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၃၀၀ ခန့်သာရှိသည်ဟု ဟာဂါရီက ဖြည့်စွက်ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် နှစ်ပတ်ကြာစစ်ဆင်ရေးအတွင်း အယ်လ်ရှီဖာဆေးရုံထဲတွင်လည်းကောင်း၊ ဆေးရုံ၏အနီးဝန်းကျင်တွင်လည်းကောင်း လူ ၃၀၀ ခန့်ကို သတ်ခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီအတွက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဆေးရုံဝင်းထဲတွင် ပျက်စီးမှု အတိုင်းအတာသည် အလွန်ကြီးမားသည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ပုပ်ပွနေတဲ့ အချို့အလောင်းတွေနဲ့ အလောင်းဒါဇင်ပေါင်းများစွာကို အယ်လ်ရှီဖာဆေးရုံဝင်းထဲကရော၊ အဲဒီဆေးရုံအနီး တစ်ဝိုက်ကရော ပြန်လည်ရရှိခဲ့ပါတယ်” ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ကြောင့်  အယ်လ်ရှီဖာဆေးရုံသည် ယခုအခါ လည်ပတ်နိုင်ခြင်းမရှိတော့ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent