အစ္စရေး-အီရန် တင်းမာမှုဖြစ်စဉ်များ

အစ္စရေး-အီရန် တင်းမာမှုဖြစ်စဉ်များ
Published 28 April 2024

အစ္စရေးသည် ဧပြီ ၁၉ ရက်အစောပိုင်းက အီရန်ကိုတိုက်ခိုက်ခဲ့ပြီး နောက်ဂါဇာတွင် စစ်ပွဲစတင်ချိန်ကတည်းက ပြိုင်ဘက်နှစ်ဖွဲ့ကြား မြင့်တက်လာသော တင်းမာမှုများနှင့် ပတ်သက်၍ အနှစ်ချုပ်ကို စုစည်း ဖော်ပြသွားမည်ဖြစ်သည်။

ဟားမာ့စ်တိုက်ခိုက်မှု

ဟားမာ့စ်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို မကြုံစဖူးတိုက်ခိုက်မှု တစ်ရပ်လုပ်ဆောင်ခဲ့ပြီး နောက်တစ် ရက်အကြာ ၂၀၂၃ ခုနှစ်အောက်တိုဘာ ၈ ရက်က အီရန်သည် ပါလက်စတိုင်း၏ တရားဝင်ခုခံကာကွယ်မှုကို အားပေးထောက်ခံသည်ဟု အီရန်သမ္မတအီဘရာဟင်ရိုင်ဆီက ဆိုသည်။ရိုင်ဆီကအစ္စရေးသည် ဒေသ တွင်းနိုင်ငံများ၏ လုံခြုံရေးကိုထိခိုက်စေသည်ဟု စွပ်စွဲခဲ့သည်။

တီဟီရန်မြို့လယ်တွင် ပါလက်စတိုင်းများနှင့်စည်းလုံးညီညွတ်မှုကို ပြသသည့် ဆိုင်းဘုတ်များလွှင့် တင်ထားသည်။

ဟားမာ့စ်၏စစ်ဘက်အသုံးစရိတ်များ၏ ၉၀ ရာခိုင်နှုန်းသည် အီရန်နိုင်ငံမှရရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ချိန်ကတည်းက အစ္စရေးနှင့်အီရန်ကြားတင်းမာမှုများ မြင့်တက်နေပြီး အစ္စရေးနှင့် လက်ဘနွန်၏ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ကြား နေ့စဉ်နီးပါး နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလကတည်းက မြို့တော်ဆာနာကို ထိန်းချုပ်ထာသည့် ယီမင်၏ အီရန်ကျောထောက် နောက်ခံပြု ဟုရ်သီအဖွဲ့ကလည်း ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ပင်လယ်နီတွင် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။

ထိပ်သီးတပ်မှူးသေဆုံးခြင်း

ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယားမြို့တော် ဒမတ်စကတ်အပြင်ဘက်၌ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေး အစောင့်တပ်၏အကြီးတန်းအကြံပေး ဆေယက်ရာဇီမူဆာဗီ သေဆုံးခဲ့သည်။

မူဆာဗီသည် လေးနှစ်နီးပါးအတွင်း အီရန်နိုင်ငံပြင်ပတွင် အသတ်ခံခဲ့ရသော အီရန်တော်လှန်ရေး အ စောင့်တပ်၏သက်တမ်းအရင့်ဆုံး အကြံပေးတစ်ဦး ဖြစ်သည်။

သီတင်းပတ်အနည်းငယ်အကြာ ဇန်နဝါရီလတွင် ဒမတ်စကတ်မြို့တော်၌ လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် တော်လှန်ရေးအစောင့်တပ်မှတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့သည်။ နောက်ပိုင်းတွင် အီရန်မီဒီယာ၌ ဖော်ပြချက်အရ သေဆုံးသူများတွင် အဖွဲ့၏ဆီးရီးယားဆိုင်ရာ ထောက်လှမ်းရေးအကြီးအကဲနှင့် ၎င်း၏လက်ထောက်တစ်ဦး ပါဝင်ကြောင်း သိရသည်။

အီရန်သံရုံးတိုက်ခိုက်ခံရခြင်း

ဧပြီ ၁ ရက်က အစ္စရေးက လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသော လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဒမတ်စကတ်မြို့ရှိ အီရန်သံရုံး၏ ကောင်စစ်ဝန်တိုးချဲ့ဆောင် ပျက်စီးခဲ့ကာ တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင်ခုနစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှနှစ်ဦးသည် ဗိုလ်ချုပ်ကြီးများ ဖြစ်သည်ဟု ဆိုသည်။

အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ယင်းတိုက်ခိုက်မှုပြီးနောက် အစ္စရေးကို လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

အီရန်၏လက်တုံ့ပြန်တိုက်ခိုက်မှု

သီတင်းနှစ်ပတ်နီးပါးအကြာတွင် အီရန်သည် အစ္စရေးသို့ ဒုံးကျည်အစင်း ၃၀၀ ကျော်၊ ဒရုန်းများနှင့် ရော့ကတ်များကို ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

ဧပြီ ၁၃ ရက်နှင့် ၁၄ ရက် ညအချိန်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် အီရန်၏ ပထမဆုံးအကြိမ် အစ္စရေးနယ်မြေသို့ တိုက်ရိုက်တိုက်ခိုက်မှုဖြစ်သည်။ အစ္စရေးနှင့် အခြားနိုင်ငံများက ဒုံးကျည်အများစုကို ကြားဖြတ်ပစ်ချခဲ့သောကြောင့် အပျက်အစီး အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။

အီရန်ကမူ ယင်းတိုက်ခိုက်မှုသည် မိမိကိုယ်ကိုယ်ခုခံကာကွယ်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ကာ အစ္စရေးက လက်တုံ့ပြန်ခြင်းမပြုပါက ယင်းကိစ္စကိုအဆုံးသတ်ရန် ထည့်သွင်းစဉ်းစားပေးမည်ဟု ပြော ကြားခဲ့သည်။

ဧပြီ ၁၉ ရက်က အီရန်နိုင်ငံ အစ်ဖာဟန်မြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်ကို အမေရိကန်မီဒီယာတွင် ဖော်ပြချက်အရ အစ္စရေးသည်၎င်း၏ ကာလရှည်ပြိုင်ဘက် အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

                                         Ref:AFP

Most Read

Most Recent