အမေရိကန်နှင့် တရုတ်စစ်တပ်အကြား နှစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများ ပြန်လည်စတင်

အမေရိကန်နှင့် တရုတ်စစ်တပ်အကြား နှစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် စစ်ဘက်ဆိုင်ရာဆွေးနွေးမှုများ ပြန်လည်စတင်
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တရုတ်နိုင်ငံ ကျန်းကျာခိုမြို့တွင် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမတိုင်မီ ဂျန်တင်ဆီးနှင်းဥယျာဉ်၌ လွှင့်ထူထားသည့် တရုတ်အလံနှင့် အမေရိကန်အလံတို့ကို တွေ့ရစဉ်(Photo: AFP)
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တရုတ်နိုင်ငံ ကျန်းကျာခိုမြို့တွင် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမတိုင်မီ ဂျန်တင်ဆီးနှင်းဥယျာဉ်၌ လွှင့်ထူထားသည့် တရုတ်အလံနှင့် အမေရိကန်အလံတို့ကို တွေ့ရစဉ်(Photo: AFP)
Published 6 April 2024

နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် တရုတ်၏ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် ယခုသီတင်းပတ်အတွင်း ဟာဝိုင်ယီပြည်နယ်တွင်တွေ့ဆုံခဲ့ပြီး ပစိဖိတ်ဒေသတွင် နှစ်နိုင်ငံစစ်တပ်အချင်းချင်း လေယာဉ်နှင့် သင်္ဘောများဘေးကင်းစွာ ပျံသန်းခုတ်မောင်းနိုင်ရေးနှင့်စပ်လျဉ်း၍ အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် တရုတ်က ရုတ်ခြည်းရပ်ဆိုင်းခဲ့သည့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်က ၎င်း၏အချုပ်အခြာအာဏာပိုင်ဖြစ်သည်ဟု အခိုင်အမာဆိုထားသည့် ထိုင်ဝမ်ကျွန်းကို ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ထိုစဉ်က အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သည့် နန်စီပယ်လိုစီ သွားရောက်ခဲ့ ပြီးနောက် တရုတ်ကနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆက်ဆံမှုများကို ဖြတ်တောက်ခဲ့သည်။

ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်တို့သည် အပြန်အလှန်ဆက်ဆံမှုများတိုးမြှင့်ရန်နှင့် တင်းမာမှုများလျှော့ချရန် ကြိုးပမ်းနေစဉ် ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာလက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့ ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးပြင်ပ၌ သီးခြားတွေ့ ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများ လျော့ကျလာခဲ့သည်။ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ ပြန်လည်စတင်ရန်လည်း သမ္မတနှစ်ဦးက သဘောတူခဲ့သည်။

ထို့နောက်တစ်လခန့်အကြာတွင် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ချားစ်ကွင်တန် ဘရောင်းနှင့် တရုတ်စစ်တပ်အကြီးအကဲတို့သည် ဗီဒီယိုကောလ်မှတစ်ဆင့် ဆွေးနွေးခဲ့ပြီး ယင်းသည် ပယ်လို စီ၏ထိုင်ဝမ်ခရီးစဉ်နောက်ပိုင်း နှစ်နိုင်ငံစစ်တပ် ထိပ်ပိုင်းတာဝန်ရှိသူများအကြား ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံမှုဖြစ်သည်။

ထို့အတူ ယခုသီတင်းပတ်အစောပိုင်းက သမ္မတဘိုင်ဒင်နှင့် သမ္မတရှီတို့တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရယ်လန်သည်လည်း ဧပြီ ၄ ရက်က တရုတ်သို့ရောက်ရှိလာခဲ့သည်။

လတ်တလော တစ်ကျော့ပြန်ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံစစ်တပ် ထိပ်ပိုင်းတာဝန်ရှိသူများအကြား ဆွေးနွေးမှုများအနက် တရုတ်နှင့် အမေရိကန်စစ်တပ်အကြား ပင်လယ်ရေကြောင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ရေး သဘောတူညီချက်နှင့် နှစ်နိုင်ငံကာကွယ်ရေးမူ ၀ါဒဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးဆွေးနွေးမှု အပါအဝင် ပုံမှန်ထိတွေ့ဆက်ဆံမှုများကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်

ပင်လယ်ရေကြောင်းဆိုင်ရာ ဆွေးနွေးပွဲတွင် အမေရိကန်နှင့် တရုတ်စစ်တပ်၏အန္တရာယ်ရှိပြီး ပရော်ဖက်ရှင်ဆန်မဆန်သည့်ဖြစ်စဉ်များကို အဓိကထားဆွေးနွေးခဲ့ပြီး ပိုမိုကျယ်ပြန့်သည့် မူဝါဒရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။ ယခုသီတင်းပတ်ထဲတွင် အမေရိကန်စစ်တပ်၏ အင်ဒို-ပစိဖိတ် ကွပ်ကဲမှုဌာနချုပ်၊ ပစိဖိတ်စစ်ရေယာဉ်စု၊ ပစိဖိတ်အခြေစိုက်လေတပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တာဝန်ရှိသူများတွေ့ဆုံခဲ့သည်။  

Ref: AP

 

 

         

         

Most Read

Most Recent