ဆူဒန်တွင် လူငါးသန်းခန့် အစာငတ်မွတ်မှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိဟု ကုလသမဂ္ဂ ပြောကြား

ဆူဒန်တွင် လူငါးသန်းခန့် အစာငတ်မွတ်မှုအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိဟု ကုလသမဂ္ဂ ပြောကြား
မတ် ၆ ရက်က ဆူဒန်နိုင်ငံ ဂါဒါရက်ဖ်မြို့တွင် အကူအညီပေးရေးလုပ်သားတစ်ဦးက ရွှေ့ပြောင်းနေထိုင်သူများနှင့် စကားပြောနေစဉ် (Photo: AFP)
မတ် ၆ ရက်က ဆူဒန်နိုင်ငံ ဂါဒါရက်ဖ်မြို့တွင် အကူအညီပေးရေးလုပ်သားတစ်ဦးက ရွှေ့ပြောင်းနေထိုင်သူများနှင့် စကားပြောနေစဉ် (Photo: AFP)
Published 16 March 2024

ဆူဒန်နိုင်ငံကို ပြိုကွဲမှုဖြစ်စေသည့်ပြိုင် ဘက်ဗိုလ်ချုပ်နှစ်ဦးကြားတစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် လာမည့်လများအတွင်း ဒေသခံငါးသန်းခန့်သည့် ဆိုးရွားသောအစာငတ်မွတ်မှုအန္တရာယ်နှင့် ရင်ဆိုင် ရနိုင်ခြေရှိသည်ဟု ကုလသမဂ္ဂမှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂက ငတ်မွတ်မှုကပ်ဘေးဖြစ်ပွားနိုင်သည့်အခြေအနေမှ ကာကွယ်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ခွင့်ပြုရန် မတ် ၁၅ ရက်က တောင်းဆိုခဲ့သည်။

စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာ အယ်ဘာဟန်နှင့် ၎င်း၏လက်ထောက်ဟောင်းတစ်ဦးဖြစ်သည့် မိုဟာမက်ဟမ်ဒမ်ဒါဂလိုတို့ကြား လွန်ခဲ့သည့်နှစ် ဧပြီကတည်းက ဖြစ်ပွားသည့် စစ်ပွဲကြောင့် လူပေါင်းသောင်း ချီသေဆုံးခဲ့ပြီး အခြေခံအဆောက်အအုံများပျက်စီးကာ စီးပွားရေးယိုယွင်းခဲ့သည်။

ယင်းစစ်ပွဲသည် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းကိုဖြစ်ပေါ်စေပြီး အစားအစာပြတ်လပ်မှုများကို ကြုံတွေ့စေကာ ငတ်မွတ်မှုအန္တရာယ်ကို ရင်ဆိုင်ရနိုင်ခြေရှိသည်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအကြီးအကဲ မာတင်ဂရစ်ဖ်၏လုံခြုံရေးကောင်စီထံတင်ပြသော စာတစ်စောင်တွင် ဆူဒန်နိုင်ငံသား ၁၈ သန်းသည် ဆိုးရွားသော အစားအစာမလုံလောက်မှုအခြေအနေနှင့်  ရင်ဆိုင်နေရပြီးဖြစ်ကာ လာမည့်လများအတွင်း နိုင်ငံ၏အချို့နေရာများရှိ လူငါးသန်းဝန်းကျင်သည် အစားအစာမလုံလောက်မှုကပ်ဘေးနဲ့ ကြုံတွေ့ရနိုင်ခြေရှိသည်ဟုသတိပေးပြောကြားခဲ့သည်။

ဒါဖာမှ ကလေး ၂၄၀,၀၀၀ ကျော်အပါအဝင် ဆူဒန်နိုင်ငံရှိ ကလေးငယ် ၇၃၀,၀၀၀ နီးပါးသည် ဆိုးရွားသော အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

“အကူအညီပေးရေးအဖွဲ့အစည်းတွေက ဆူဒန်အတွင်း ပဋိပက္ခမျဉ်းတွေကို ဖြတ်သန်းဖို့အပါအဝင် ဘေးကင်းပြီး၊ မြန်ဆန်၊ ရေရှည်တည်တံ့ပြီး အတားအဆီးမဲ့ဝင်ရောက်ခွင့်ရဖို့ လိုအပ်ပါတယ်”ဟု ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်းဒူဂျာရစ်က ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက အရင်းအမြစ်တွေရဲ့ ကြီးမားတဲ့ဖြန့်ကြက်ဝင်ရောက်မှုကလည်း အရေးပါပါတယ်”ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း စစ်ပွဲသည် ကမ္ဘာ့အကြီးမား ဆုံးအငတ်ဘေးအကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်သည့်အန္တရာယ်ရှိသည်ဟု သတိပေးထားသည်။

ကုလသမဂ္ဂကလေးသူငယ်များအေဂျင်စီ UNICEF ၏ဆူဒန်နိုင်ငံဆိုင်ရာအရေးပေါ် အကြီးအကဲ ဂျီလ်လော်လာက ဆူဒန်ဆိပ်ကမ်းတွင် အကူအညီပစ္စည်းများ အလုံအလောက်ရှိနေသော်လည်း ပြဿနာရပ်မှာ ထိုနေရာမှနေ၍ လိုအပ်နေသူများထံရောက် ရှိနိုင်စေရန်ဖြစ်နေသည်ဟု ဆိုသည်။

လော်လာသည် လွန်ခဲ့သည့် ၁၁ လက စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ခါတွန်သို့ ပထမဆုံးကုလသမဂ္ဂမစ်ရှစ်ကို လွန်ခဲ့သည့်သီတင်းပတ်က ဦးဆောင်ခဲ့သည်ဟု ဆိုသည်။

ကလေး ၁၄ သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေပြီး လေးသန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်ဟု ဆူဒန်ရှိ UNICEF ကိုယ်စားလှယ်မန်ဒိအို ဘရိုင်ယန်က ပြောကြားခဲ့သည်။

ဆူဒန်မှ မကြာသေးမီက ပြန်လာခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟာနန်ဘော်ခီက ဒါဖာတွင် အပြင်းအထန်လိုအပ်နေမှုများကို အလေးပေးပြောကြားခဲ့ပြီး ကျန်းမာရေးအဆောက်အအုံအများစုကို လုယက်တိုက်ခိုက်မှုများရှိကြောင်းနှင့် ထိခိုက်မှု သို့မဟုတ် ပျက်စီးမှုများဖြစ်ပွား နေကြောင်းပြောပြခဲ့သည်။          

Ref: AFP

Most Read

Most Recent