အမေရိကန်၏ ဒေါ်လာသန်း ၃၀ တန်ကြေးရှိိ MQ -9 Reaper ဒရုန်းကို ပစ်ချခဲ့ကြောင်း ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များ ပြောကြား

အမေရိကန်၏ ဒေါ်လာသန်း ၃၀ တန်ကြေးရှိိ MQ -9 Reaper ဒရုန်းကို ပစ်ချခဲ့ကြောင်း ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များ ပြောကြား
ဟူရ်သီအဖွဲ့ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ထဲမှ ဖမ်းယူထားသည့် ဓာတ်ပုံတွင် MQ -9 Reaper ဟု ဖော်ပြထားသည့် ဒရုန်းတစ်စင်း၏ အပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
ဟူရ်သီအဖွဲ့ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ထဲမှ ဖမ်းယူထားသည့် ဓာတ်ပုံတွင် MQ -9 Reaper ဟု ဖော်ပြထားသည့် ဒရုန်းတစ်စင်း၏ အပျက်အစီးများကို တွေ့ရစဉ်(Photo:AFP)
Published 28 April 2024

အမေရိကန်စစ်တပ်၏ ဒေါ်လာသန်း ၃၀ ခန့် တန်ကြေးရှိသည့် MQ -9 Reaper ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့ပြီး ထိုဒရုန်း၏ အပျက်အစီး အ ပိုင်းအစများကို ဖော်ပြထားသည့် ဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး- ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး ၎င်းတို့၏ ဖိအားများကို တစ်ဆင့်ချင်း တိုးမြှင့်ခဲ့ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်က ဆက်တိုက်ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများထဲမှ တစ်ခုအဖြစ် အ မေရိကန်၏ Reaper ဒရုန်းကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဟူရ်သီအဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမေရိကန်လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ဘရွန် ဂျေမက်ဂယ်ရီကလည်း အမေရိကန်လေတပ်၏ MQ-9 ဒရုန်းသည် ယီမင်တွင် ပျက်ကျခဲ့ကြောင်း ဧ ပြီ ၂၇ ရက်က အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သော်လည်း အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဟူရ်သီအဖွဲ့သည် ၎င်းတို့ ခြေကုပ်ယူထားသည့် ယီမင်၏ ဆာဒါးပြည်နယ်ပေါ်တွင် ဧပြီ ၂၅ ရက်က အမေရိကန်၏ ဒရုန်းကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ဒရုန်းကို ဒုံးကျည်ထိမှန်ခဲ့ပုံကို ဖော်ပြထားသည်။

ထို့ပြင် မြေပြင်ပေါ်ရှိ ထိုဒရုန်း အပျက်အစီးအစိတ်အပိုင်းများကို အနီးကပ်ရိုက်ကူး ပြသရာတွင် MQ-9 Reaper  ကို ထုတ်လုပ်သည့်  General Atomics ကုမ္ပဏီ၏ လိုဂိုအပါအဝင် ဒရုန်းထုတ်လုပ်မှု အမှတ်စဉ်များကိုလည်း မြင်တွေ့ရသည်။

၂၀၁၄ ခုနှစ်က ယီမင်၏မြို့တော် ဆန်နာနှင့် နိုင်ငံမြောက်ပိုင်းကို ဟူရ်သီတို့ သိမ်းပိုက်ပြီးကတည်းက အမေရိကန်စစ်တပ်သည်  ယခုပစ်ချခံရသည့် ဒရုန်းအပါအဝင် ဒရုန်းငါးစင်း ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း ဟူရ်သီအဖွဲ့က ပြောကြားခဲ့သည်။

ထိုဒရုန်းများသည် ၂၀၁၇ ၊ ၂၀၁၉ ၊ ၂၀၂၄ နှင့် ယခုနှစ်များအတွင်း ပစ်ချခံခဲ့ရခြင်းဖြစ်သည်ဟု ဟူရ်သီအဖွဲ့က ပြောကြားခဲ့သည်။

ထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာသန်း ၃၀ ခန့်ရှိသည့် Reaper ဒရုန်းများသည်  အမြင့်ပေ ၅၀၀၀၀ တွင် ၂၄ နာရီကြာ ပျံသန်းနိုင်သည်။

ယီမင်အဖွဲ့သည် ဂါဇာတွင် အစ္စရေး၏ စစ်ပွဲဆင်နွှဲမှုကို အဆုံးသတ်ရန် တောင်းဆိုသည့်အနေဖြင့် ပင်လယ်နီနှင့် အေဒင် ပင်လယ်ကွေ့ရှိ သင်္ဘောများကို တိုက်ခိုက်နေချိန်တွင် အမေရိကန်၏ ဒရုန်းကို ပစ်ချခဲ့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ၂၅၀ ခန့်ပြန်ပေးဆွဲခံခဲ့ရကာ ဂါဇာတွင် အစ္စရေး၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၄၀၀၀ ကျော် သေဆုံးခဲ့သည်။

ဟူရ်သီအဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက သင်္ဘောများကို တိုက်ခိုက်မှုပေါင်း အကြိမ် ၅၀ ကျော်ပြုလုပ်ခဲ့ကာ သင်္ဘောတစ်စင်းကို စီးနင်းပြီး နောက်တစ်စင်းသည် ဒုံးကျည်ထိမှန်မှုကြောင့် နစ်မြုပ်ခဲ့သည် ဟု အမေရိကန် ပင်လယ်ရေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

                                               Ref:AFP

Most Read

Most Recent