မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ကွပ်ကဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ကွပ်ကဲ
မတ် ၁၅ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတွင် စစ်ရေးလေ့ကျင့်မှုများကို ကြည့်ရှုနေသည့် ကင်ဂျုံအွန်(လယ်-ဝဲ)နှင့် ၎င်း၏သမီးဖြစ်သူ ကင်ဂျူအဲ(လယ်-ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
မတ် ၁၅ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့် နေရာတွင် စစ်ရေးလေ့ကျင့်မှုများကို ကြည့်ရှုနေသည့် ကင်ဂျုံအွန်(လယ်-ဝဲ)နှင့် ၎င်း၏သမီးဖြစ်သူ ကင်ဂျူအဲ(လယ်-ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
Published 16 March 2024

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ရန်သူ၏ဒေသကို ချက်ချင်းသိမ်းယူနိုင်မည့် ၎င်းစစ်သားများ၏ စွမ်းဆောင်ရည်ကို ပြသရန်ရည်ရွယ်သည့်အနေဖြင့် လေထီးတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီး ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယားက လေထီးတပ်ဖွဲဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုများကို ဆတ်ဆတ်ထိမခံသည့် သဘောထားပြသခဲ့ပြီး ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားစစ်တပ်အတွင်း အားအနည်းဆုံးသည် လေတပ်ဖြစ်သည်ဟု ယူဆထားသည်။

မြောက်ကိုရီးယား၏ နောက်ဆုံးပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုကို ကင်က ကြီးကြပ်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုသည် စစ်ဖြစ်နေသည့်အခြေအနေတွင် ရုတ်တရက်ပြုလုပ်သည့် စစ်ဆင်ရေးအစီအစဉ်များအတွက် တပ်များဖြန့်ကြက်ရန် လေထီးစစ်သားများ၏ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ခြင်းဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။

စစ်သားများသည် အမိန့်ထုတ်ပြန်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ရန်သူ၏နယ်မြေကို ချက်ချင်းသိမ်းပိုက်နိုင်သည့် ၎င်းတို့၏ ပြီးပြည့်စုံသည့် တိုက်ပွဲဝင်စွမ်းရည်များကိုပြသခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

ကင်သည် ခေတ်သစ်စစ်ပွဲများ၏ လိုအပ်ချက်များအရ လက်တွေ့စစ်မြေပြင်များတွင် တိုက်ခိုက်နိုင်စွမ်း အမြင့်ဆုံးရှိစေရန်အတွက် သိပ္ပံနည်းကျနှင့် လက်တွေ့ကျသည့်စနစ်များ၏ အရေးကြီးပုံကိုလည်း အလေး ထားပြောဆိုခဲ့သည်ဟု KCNA ကဆိုသည်။

ကင်သည် ရန်သူတို့၏ စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပုံဖော်ထားသည့် နေရာများကို ချက်ချင်းသိမ်းပိုက်နိုင်ခဲ့သည့် ၎င်း၏ လေထီးစစ်သားများ၏ စွမ်းဆောင်ရည်ကို အ လွန်ကျေနပ်အားရခဲ့သည်ဟုလည်း KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် Rodong Sinmun သတင်းစာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်၏သမီးဖြစ်သူ ကင်ဂျူအဲသည် ကင်၏ဘေးတွင်ရပ်ပြီး စစ်ရေးလေ့ကျင့်မှုများကို မှန်ဘီလူးနှင့် ကြည့်နေပုံများကို ဖော်ပြ ခဲ့သည်။

အခြားဓာတ်ပုံတစ်ပုံတွင် မြောက်ကိုရီးယားစစ်သားများသည် မြေပြင်တွင် အသင့်နေရာယူထားပြီး ၎င်းတို့၏အပေါ်တွင် လေထီးစစ်သားများ ကျဆင်းနေပုံကို မြင်တွေ့ရသည်။

ကင်သည် အမျိုးအစားသစ် ပင်မတိုက်ပွဲဝင် တင့်ကားတစ်စီးကို မောင်းနှင်ပြခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယား လေထီးတပ်သားများ၏ စစ်ရေးလေ့ကျင့်မှုသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဟန့်အတားစွမ်းရည် မြှင့်တင်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့၌ ကင်ကတိုက်ပွဲဝင်တင့်ကားအမျိုးအစားသစ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်ဟု KCNA က မတ် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

အနက်ရောင် သားရေဂျာကင်အကျႌဝတ်ဆင်ထားသည့် ကင်သည် ပုံဖျက်ထားသောတိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်များကို အလေးပြုခဲ့ပြီး စစ်မြေပြင်ကွပ်ကဲရေးစခန်းမှ ကျည်အစစ်အသုံးပြုသည့် စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်မှုများကို ကြည့်ရှုခဲ့သည်။                  

Ref: AFP

Most Read

Most Recent