လူ ၃၀၀,၀၀၀ နေထိုင်သည့် ဂါဇာမြောက်ပိုင်းသည် အငတ်ဘေးကျရောက်တော့မည်ဟု ကုလသမဂ္ဂ သတိပေး

လူ ၃၀၀,၀၀၀ နေထိုင်သည့် ဂါဇာမြောက်ပိုင်းသည် အငတ်ဘေးကျရောက်တော့မည်ဟု ကုလသမဂ္ဂ သတိပေး
စားနပ်ရိက္ခာ ရယူရန် စောင့်ဆိုင်းနေသော ဂါဇာကလေးငယ်များကို မတ် ၁၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
စားနပ်ရိက္ခာ ရယူရန် စောင့်ဆိုင်းနေသော ဂါဇာကလေးငယ်များကို မတ် ၁၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 19 March 2024

အစောတလျင် ကြားဝင်ခြင်းမရှိပါက မေလတွင် ဂါဇာကမ်းမြောင်မြောက်ပိုင်းသည် အငတ်ဘေးဆိုက်တော့မည်ဟု ခန့်မှန်းထားခြင်းနှင့်အတူ ဂါဇာပြည်သူတစ်ဝက်မှာ ကြီး မားလှသောငတ်မွတ်မှုကို ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က ပြောကြားခဲ့သည်။

“ဂါဇာက လူတွေဟာ အခုလောလောဆယ်မှာ ငတ်သေကြတော့မှာပါ။ လူကလုပ်ဆောင်တဲ့ ဒီငတ်မွတ်မှုနဲ့ အာဟာရချို့တဲ့မှုတို့ ဂါဇာကိုဒုက္ခပေးနေတဲ့ အမြန်နှုန်းဟာ ကြောက်စရာကောင်းနေပါတယ်”ဟု WFP အကြီးအကဲ စင်ဒီမက်ကိန်းက ပြောကြားခဲ့သည်။

ဘက်ပေါင်းစုံပါဝင်သော စားနပ်ရိက္ခာဖူလုံမှု အဆင့်ခွဲခြားမှုအဖွဲ့(IPC)က ကုလသမဂ္ဂအချက်အလက်များအရ ဂါဇာလူဦးရေ တစ်ဝက်ဖြစ်သည့်ပြည်သူ ၁ ဒသမ ၁ သန်းသည် ဆိုးရွားလွန်းသော အခြေအနေများကို ရင်ဆိုင်နေရသည်ဟု မတ် ၁၈ ရက်တွင် ခန့်မှန်းခဲ့သည်။

“လူဦးရေ တစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်း  ဆိုးရွားတဲ့ ကပ်ဘေးဆိုက်ဖို့ အငတ်ဘေးဆိုက်လုဆဲအဆင့်တွေဟာ မကြုံစဖူးပါပဲ”ဟု ကုလသမဂ္ဂ၏စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ ဒုတိယ အထွေထွေဒါရိုက်တာ ဘာ့ဘက်ချ်ဒေါက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အရင်းမူလအားဖြင့် ၂၀၀၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော IPC စနစ်အရ ယင်းသည် ပြင်းထန်အငတ်ဘေးကို လူအများဆုံးရင် ဆိုင်နေရသည့်မှတ်တမ်းဖြစ်သည်ဟု WFP က ပြောကြားခဲ့သည်။

ဂါဇာမြောက်ပိုင်းတွင် အခြေအနေသည် ထူးခြားစွာဆိုးရွားနေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ဂါဇာမြောက်ပိုင်းတွင် လူ ၃၀၀,၀၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။ ဂါဇာမြောက်ပိုင်း၌ မတ်လလယ်မှ မေလအတွင်းတစ်ချိန်ချိန်တွင် အငတ်ဘေးဆိုက်မည်ဟု ခန့်မှန်းထားကြောင်း IPC က ပြောကြားခဲ့သည်။

အဝိုင်းခံထားရသော ပါလက်စတိုင်းနယ်မြေဂါဇာသို့ အကူအညီများ အမြန်ဆုံးပို့ဆောင်ခွင့်ပြုရန် ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲမာတင်ဂရစ်ဖစ်က အစ္စရေးကို တောင်းဆိုခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက ဒီကိစ္စကို ဟန့်တားဖို့ ပျက်ကွက်တာဟာ တော်တော်လေး ရှက်စရာကောင်းနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

တွေ့ရှိချက်များသည် စိုးရိမ်စရာကောင်းနေပြီး ဆာလောင်နေသော ကလေးများ၏ စိတ်နှလုံးထိခိုက်ဖွယ် ရုပ်ပုံကို ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါ တယ်က ပြောကြားခဲ့သည်။

“ဒါကြောင့် လူသားချင်းစာနာမှုဆိုင်ရာ  အကူအညီတွေကို မြှင့်တင်ဖို့အားလုံးကို လုပ်ဆောင်ရမယ်လို့ ကျွန်တော်တို့ ခိုင်မာစွာယုံကြည်ထားတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားသော စစ်ပွဲတွင် အစ္စရေးက ဂါဇာကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ငါးလကျော်ရှိပြီဖြစ်သော အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသောဂါဇာကမ်းမြောင်ကိုအစ္စရေးက မြေပြင် ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်နေခြင်း တို့ကြောင့် အနည်းဆုံးလူ ၃၁,၇၂၆ ဦးသေဆုံးထားသည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အထူးသဖြင့် အငတ်ဘေးဆိုက်တော့မည့် ဂါဇာမြောက်ပိုင်းကို ဝင်ရောက်ရန် ကြီးမားသော အခက်အခဲများရှိနေသည်ဟု အန်ဂျီအိုအဖွဲ့များက ထုတ်ပြန်ထားခြင်းနှင့်အတူ  ဂါဇာသည် အငတ်ဘေးကြုံတော့မည်ဟု ကုလသမဂ္ဂက သတိပေးထားသည်မှာ သီတင်းပတ်ချီကြာမြင့်နေပြီဖြစ်သည်။

အငတ်ဘေးအတွက် ပညာရပ်ဆိုင်ရာစံနှုန်းကို မရောက်သေးသော်လည်း သေဆုံးမှုများနှင့် အာဟာရချို့တဲ့ခြင်းတို့ဖြစ်လာမည်ဟု IPC ကဆိုသည်။                     

Ref: AFP

Most Read

Most Recent