သံရုံး စီးနင်းခံရမှုနှင့်ပတ်သက်ပြီး မက္ကဆီကိုက အီကွေဒေါကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ  သို့တိုင်ကြား

သံရုံး စီးနင်းခံရမှုနှင့်ပတ်သက်ပြီး မက္ကဆီကိုက အီကွေဒေါကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ  သို့တိုင်ကြား
Published 12 April 2024

အီကွေဒေါနိုင်ငံ၊ မြို့တော်ခီတိုရှိ မက္ကဆီကိုသံရုံးကို ဝင်ရောက်စီးနင်းသွားမှုနှင့်ပတ်သက်ပြီး မက္ကဆီကိုဘက်က အီကွေဒေါအစိုးရကို ဧပြီ ၁၁ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့တိုင်ကြားလိုက်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ အီကွေဒေါကို ရပ်ဆိုင်းလိုက်ရေးအထိ မက္ကဆီကိုဘက်ကလိုလားနေသည်။

အီကွေဒေါဘက်က နိုင်ငံတကာဥပဒေ၏ အခြေခံသဘောတရားများနှင့်သတ်မှတ်ချက်များကို ချိုးဖောက်ကြောင်းဝန်ခံပြီး လူသိရှင်ကြားမတောင်းပန်ပါက အီကွေဒေါကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ရပ်ဆိုင်းလိုက်ရန်တောင်းဆိုထားကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး  အလီရှာဘာဆီနာက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

အီကွေဒေါ၏လုပ်ရပ်ကြောင့် မက္ကဆီကိုနိုင်ငံနှင့် နိုင်ငံသားများအပေါ်ဖြစ်စေခဲ့သည့် သိက္ခာပိုင်းထိခိုက်မှုကို ပြန်လည်အဖတ်ဆယ်ရန် ထိုသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဘာဆီနာကပြောသည်။

အီကွေဒေါအာဏာပိုင်များသည် ပြီးခဲ့သည့်ဧပြီ ၅ ရက်က မြို့တော်ခီတိုရှိ မက္ကဆီကိုသံရုံးကိုဝင်စီးကာ အီကွေဒေါဒုတိယသမ္မတဟောင်း ဟော်ဟေးဂလက်စ်ကို ဖမ်းခေါ်သွားသည်။အကျင့်ပျက်ခြစားမှုဖြင့် အီကွေဒေါအစိုးရက အလိုရှိနေသည့် ဟော်ဟေးဂလက်စ်ကို  မက္ကဆီကိုက နိုင်ငံရေးခိုလှုံခွင့်ပေးထားသည်။

သံရုံးစီးနင်းခံရပြီးနောက် မက္ကဆီကိုက အီကွေဒေါနှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်‌ပြီး အီကွေဒေါရှိ ၎င်းတို့သံရုံးအမှုထမ်းများကို ပြန်ခေါ်လိုက်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရတ်စ်၏ ပြောခွင့်ရှိသူကမူ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ နိုင်ငံတစ်နိုင်ငံကိုရပ်ဆိုင်းခြင်းသည် အဖွဲ့ဝင်နိုင်ငံများဆုံးဖြတ်ရမည့် ကိစ္စဖြစ်ပြီး နှစ်နိုင်ငံအကြားတင်းမာမှုကို ညှိညှိနှိုင်းနှိုင်းဖြင့်ဖြေရှင်းရန်မျှော်လင့်သည်ဟု နယူးယော့ခ်သတင်းစာရှင်းလင်းပွဲတွင်တုံ့ပြန်ခဲ့သည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်တစ်ခုအရ ဟော်ဟေးဂလက်စ်သည် ဂျာမနီနိုင်ငံသားလည်းခံယူထားသည်။၂၀၁၆ ခုနှစ်မြေငလျင်လှုပ်ခတ်အပြီး နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ရည်ရွယ်ထားသည့် ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုဖြင့် ၎င်းကို အီကွေဒေါအစိုးရက အလိုရှိနေခြင်းဖြစ်သည်။

 

Ref:AFP

 

 

Most Read

Most Recent