ထိုင်ဝမ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လိုဏ်ဂူအတွင်း ပိတ်မိနေသူ ကိုးဦးကို ကယ်တင်နိုင်ခဲ့

ထိုင်ဝမ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လိုဏ်ဂူအတွင်း ပိတ်မိနေသူ ကိုးဦးကို ကယ်တင်နိုင်ခဲ့
ဧပြီ ၅ ရက်က ဟွာလျန်မြို့ရှိ တာရိုကို အမျိုးသားဥယျာဉ်တွင် ရှာဖွေမှုများပြုလုပ်နေသည့် ကယ်ဆယ်ရေးသမားများကို တွေ့ရစဉ် (Photo: AFP)
ဧပြီ ၅ ရက်က ဟွာလျန်မြို့ရှိ တာရိုကို အမျိုးသားဥယျာဉ်တွင် ရှာဖွေမှုများပြုလုပ်နေသည့် ကယ်ဆယ်ရေးသမားများကို တွေ့ရစဉ် (Photo: AFP)
Published 5 April 2024

ဧပြီ ၃ ရက်က ထိုင်ဝမ်တွင် ၂၅ နှစ်အတွင်း အင်အားအပြင်းဆုံး ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လိုဏ်ဂူတစ်ခုအတွင်းပိတ်မိနေသူ ကိုးဦးကို ကယ်ဆင်ရေးသမားများက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ်နှစ်ဦး၏ တည်နေရာကို သိရှိထားသော်လည်း ယင်းလူနှစ်ဦးသည် သေဆုံးနိုင်ခြေရှိကာ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက်ရှိသည်။

ဧပြီ ၄ ရက် ထုတ်ပြန်ခဲ့သည့် သေဆုံးသူစာရင်းသည် ၁၀ ဦးအထိ ရှိလာခဲ့ပြီး ဟွာလျန် ကောင်တီ အစိုးရအဖွဲ့ကမူ ခြေလျင်ခရီးထွက်သည့် တောင်လမ်းပေါ်တွင် ပိတ်မိခဲ့သူ နှစ်ဦးသည် အသက်ရှင်တော့သည့် လက္ခဏာများကို မတွေ့ရသော်လည်း ၎င်းတို့၏ သေဆုံးမှုကို ချက်ချင်းအတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

“လောလောဆယ်မှာတော့ လူနှစ်ဦးပိတ်မိနေတဲ့နေရာကို တွေ့ထားပါတယ်။ သူတို့ဟာ တော်တော်နက်တဲ့နေရာမှာ ပိနေတာကြောင့် ဆွဲထုတ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး”ဟု အမျိုးသား ဘေးအန္တရာယ်အေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါ အင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံ၌သာမက ဖိလစ်ပိုင်တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတစ်ဖက်တစ်ချက်ရှိ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင်လည်း ပြင်းထန်သည့် တုန်ခါမှုဒဏ်ကို ခံစားခဲ့ရကာ ဟောင်ကောင်တွင်လည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်။

လူဒါဇင်ပေါင်းများစွာ ဘေးကင်းခဲ့သည်ဟု ယူဆရသော်လည်း ငလျင်ဒဏ်ကြောင့် အကြီးစားမြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် နေရာများသို့ ကယ်ဆယ်ရေးသမားများ မရောက်ရှိနိုင်သေးပေ။

ဧပြီ ၃ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ ငလျင်သည်  ၁၉၉၉ ခုနှစ် စက်တင်ဘာလက လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၆  ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အားအပြင်းဆုံးဖြစ်သည်ဟု ထိုင်ဝမ်မိုးလေဝသ  ဗဟိုဦးစီးဌာနလက်အောက်ရှိ မြေငလျင်ဌာနညွှန်ကြားရေးမှူး ဝူချန်းဖူက ပြောကြားခဲ့သည်။ ၁၉၉၉ ခုနှစ် ငလျင်သည် ထိုင်ဝမ်ကျွန်း၏ သမိုင်းတစ်လျှောက်တွင် လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ် ဖြစ်စဉ်ဖြစ်ပြီး လူပေါင်း ၂,၄၀၀ ခန့် သေဆုံးခဲ့သည်။

မြေပြိုမှုများနှင့် ကျောက်တုံးများပြိုကျမှုကြောင့် ဧပြီ ၅ ရက်နေ့အထိ ရာနှင့်ချီသည့် လူများသည် တောင်တန်းဒေသများပေါ်တွင် သောင်တင်နေဆဲဖြစ်သော်လည်း ကယ်ဆယ်ရေးသမားများက ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် ခွေးများပါဝင်သည့် အဖွဲ့ငယ်များနှင့်အတူ  ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေသဖြင့် အများစုမှာ ဘေးကင်းလုံခြုံခဲ့ကြောင်း သိရသည်။

ဂျပန်အစိုးရကလည်း ခရီးသွားများအကြားရေပန်းစားသည့် Tunnel of Nine Turns အမည်ရှိ လိုဏ်ခေါင်းအတွင်းမှ လူကိုးဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီမတိုင်မီတွင် လှုပ်ခတ်ခဲ့သည့်ထိုငလျင်သည် ဟွာလျန်မြို့၏တောင်ဘက်၊ ၁၈ ကီလိုမီ တာအကွာ၊ မြေအောက်အနက် ၃၄ ဒသမ ၈ ကီလိုမီတာ အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်း တာလေ့လာရေးဌာန(USGS)က ထုတ်ပြန် ခဲ့သည်။

ဟွာလျန်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ၄၅ ဒီဂရီ တိမ်းစောင်းသွားခဲ့သည့် Uranus အဆောက်အအုံကို ဖြိုချရှင်းလင်းမှုကို စတင်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုအဆောက်အအုံသည် နှစ်သက်တမ်းကြာမြင့်နေသည့် အဆောက်အအုံဖြစ်ပြီး ဟွာလျန်ကောင်တီ အကြီးအကဲ ဆုချန်းဝေက ၁၉၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။               

Ref: AFP

Most Read

Most Recent