၂၀၂၄ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်သို့ ရွှေ့ပြောင်းကျင်းပမည်ဟု အာဆီယံဒေသတွင်းသတင်းများဖော်ပြ

၂၀၂၄ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်သို့ ရွှေ့ပြောင်းကျင်းပမည်ဟု အာဆီယံဒေသတွင်းသတင်းများဖော်ပြ
Photo: AFF
Photo: AFF
Published 29 April 2024

၂၀၂၄ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်သို့ ရွှေ့ပြောင်းကျင်းပမည်ဖြစ်ကြောင်း အာဆီယံဒေသတွင်းသတင်းများက ဖော်ပြနေလျက်ရှိသည်။

သတင်းများ၏ ဖော်ပြမှုအရ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ၏ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့်ပြိုင်ပွဲများတွင် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ပါဝင်မည်မဟုတ်ကြောင်းနှင့် ယင်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ်မှသာ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

သို့သော် ၂၀၂၄ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်သို့ ရွှေ့ပြောင်းကျင်းပမည် ့ သတင်းနှင့်ပတ်သက်၍ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ကမူ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)  ၏ ယခုနှစ် အစောပိုင်းက သတင်းထုတ်ပြန်မှုတွင် ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲ(၈) ပွဲ ကျင်းပမည်ဖြစ်ကြောင်းနှင့် ယင်းပြိုင်ပွဲများတွင် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ပါဝင်နေလျက်ရှိကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်း ASEAN Mitsubishi Electric Cup ပြိုင်ပွဲ(ယခင် အာဆီယံချန်ပီယံရှစ်)၊  ASEAN Women's Championship ပြိုင်ပွဲ(အာဆီယံအမျိုးသမီးချန်ပီယံရှစ်)၊ AFF U-23 Championship  ပြိုင်ပွဲ (အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်)၊ ASEAN Club Championship ပြိုင်ပွဲ(အာဆီယံကလပ်ချန်ပီယံရှစ်)၊ AFF U-19 Championship ပြိုင်ပွဲ(အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်)၊ AFF U-16 Championship ပြိုင်ပွဲ (အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်)၊ AFF Futsal Championship ပြိုင်ပွဲ(အာဆီယံဖူဆယ်ချန်ပီယံရှစ်)၊ AFF Beach Soccer Championship ပြိုင်ပွဲ(အာဆီယံသဲသောင်ပြင်ဘောလုံး)တို့ ကျင်းပမည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

AFF သည် ကျန်ပြိုင်ပွဲသုံးခုဖြစ်သည့် အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်၊ အာဆီယံ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ်နှင့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲများကိုမူ အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်းကျင်းပရန်စီစဉ်ထားသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ ယူ -၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို မူလကျင်းပရန်လျာထားသည့် ကာလများမှ နောက်ဆုတ်လိုက်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတို့ကို အင်ဒိုနီးရှားနိုင်ငံတွင်လည်းကောင်း၊ ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင်လည်း ကောင်း ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဧပြီဒုတိယပတ်တွင် နိုင်ငံတကခြေစမ်းပွဲကစားရန် မတ်လကတည်းက ပဏာမကစားသမား(၃၀) ကျော်ဖြင့် စခန်းဝင်လေ့ကျင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဧပြီ(၈၊ ၁၁) ရက်တွင် ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားခဲ့သော်လည်း ပျက်ပြယ်ခဲ့သဖြင့် ဧပြီ(၅) ရက်ကတည်းက လေ့ကျင့်မှုရပ်နားခဲ့ပြီး ကစားသမားများမှာလည်း ကလပ်အသင်းများနှင့် ပူးပေါင်းနေပြီဖြစ်သည်။

Most Read

Most Recent