■ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ရပ်မိရပ်ဖ စိုင်းစန်းဝေအား KIA၊ KPDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားပြီး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ်မရသေး

■ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ရပ်မိရပ်ဖ စိုင်းစန်းဝေအား KIA၊ KPDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားပြီး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
Published 15 May 2024

မြစ်ကြီးနားမြို့နယ် တာလောကြီးရွာ၏ရပ်မိ ရပ်ဖ စိုင်းစန်းဝေကို မေလ ၁၀ ရက်ကမြစ်ကြီးနားမှ တာလောကြီးကျေးရွာသို့သွားစဉ်KIA နှင့် KPDF အဖွဲ့က ဖမ်းဆီထားရာ ခြောက်ရက်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက ပြောကြားသည်။

စိုင်းစန်းဝေသည် တာစန့်-ဦးလောက်ရွာကြားရှိ ဂိတ်တွင် မေ ၁၀ ရက်က မြစ်ကြီးနားမှ တာလောကြီးကို ဆိုင်ကယ်ဖြင့် သွားစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

"အမေကတော့ နေတိုင်းဘုရားပဲ ရှိခိုးနေတယ်။ တာလောကြီးက အဖွဲ့တွေမေးတော့ လိုင်ဇာဘက်ကို ဖမ်းခေါ်သွားတာတဲ့။ လူ၊ဖုန်း အဆက်အသွယ်မရဘူး။ အမြန်ဆုံး ပြန်လွှတ်စေချင်တယ်"ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

စိုင်းစန်းဝေ အဖမ်းခံရပြီးနောက် တစ်ရက်အကြား မေ ၁၁ ရက်တွင် ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့နှင့် ၎င်း၏ဇနီးတို့က လက်မှတ်ရေးထိုးပြီး အမြန်ဆုံးပြန်လွတ်ရန် မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှတစ်ဆင့် ဆောင်ရွက်နေကြောင်းသိရသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက" မေးမြန်းစရာ ရှိလို့ လိုင်ဇာခေါ်သွားတယ်လို့ သိရပါတယ်။ အန္တရာယ်ကင်းပါတယ်။ မေးမြန်းစရာရှိလို့ ခေါ်သွားလို့သိရတယ်"ဟု ပြောကြားသည်။

စိုင်းစန်းဝေသည် တာလောကြီးနှင့် ခေါင်ဖူးဘုရား ကို ဆက်သွယ်ရန် ကိုယ်ထူ ကိုယ်ထ တံတားတည်ဆောက်ရေးတွင် ဦးဆောင်နေသူ ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မသွားဖြစ်သည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။

စိုင်းစန်းဝေသည် ပျံလွန်တော်မူခဲ့သည့် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၏ ဆရာတော် ဝန်းသိုဆရာတော်ဘုရားကြီး၏ တူတော်အရင်းဖြစ်သည်။

ထို့ပြင် စိုင်းစန်းဝေသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရခဲ့ပေ။

 

Most Read

Most Recent