သီတဂူဆရာတော်ကြီးအား အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆက်ဆံရေးကော်မတီက ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက်နိုင်ငံတကာဆု ဆပ်ကပ်လှူဒါန်း

သီတဂူဆရာတော်ကြီးအား အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆက်ဆံရေးကော်မတီက ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက်နိုင်ငံတကာဆု ဆပ်ကပ်လှူဒါန်း
Published 31 May 2024

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆက်ဆံရေးကော်မတီက '' ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆု '' (The International Award for the Promotion of Buddhism) ဆပ်ကပ်လှူဒါန်းမှုအခမ်းအနားကို ရန်ကုန်မြို့၊ရွှေဘုံသာလမ်းရှိ India Center တွင် မေ ၃၁ ရက်၊ညနေပိုင်းက ပြုလုပ်ခဲ့သည်။ 

အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆက်ဆံရေးကောင်စီအနေဖြင့် ဗုဒ္ဓဘာသာထွန်းကားရေးအတွက် ထူးချွန်စွာဆောင်ရွက်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ပညာရှင်များ၊ တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို အသိအမှတ်ပြုဂုဏ်ပြုရန်အတွက် အဆိုပါ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက်နိုင်ငံတကာဆုကို ၂၀၂၁ခုနှစ်တွင်စတင် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အိန္ဒိယသံရုံးက ဦးစီးပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆက်ဆံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Kumar Tuhin က 

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား ၂၀၂၃ ခုနှစ်အတွက် “ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆု” ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

'' ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတကာဆု”တွင် ရွှေဆုတံဆိပ်တစ်ခုနှင့် အမေရိကန်ဒေါ်လာ (၂၀,၀၀၀) တိတိပါဝင်ပြီး သီတဂူဆရာတော်အား ဆပ်ကပ်လှူဒါန်းခဲ့ကာ ယခုချီးမြှင့်သောဆုသည် သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ မြန်မာနိုင်ငံတဝှမ်းလုံးနှင့် နိုင်ငံပြင်ပထိ တိုင်အောင် ဗုဒ္ဓဘာသာနှင့် တရားတော်များပြန့်ပွားရေးအတွက် ကိုယ်ကျိုးမဖက်ဆောင်ရွက်ခဲ့သည်ကို အလေးအမြတ်အသိမှတ်ပြုကြောင်း အိန္ဒိသံရုံးက ထုတ်ပြန်ချက်အရ သိရသည်။ 

ယခုချီးမြှင့်သည့်ဆုကို Dr. Duong Thi Thanh Huong (Vietnum), Otani University (Japan)နှင့် & Mr. Choijamts Demberel (Mongolia)တို့ကိုလည်း ယခင်နှစ်များက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

အိန္ဒိယနှင့်မြန်မာတို့သည် နှစ်ထောင်ပေါင်းများစွာကြာအောင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသော ဗုဒ္ဓဘာသာချိတ်ဆက်မှုကို မျှဝေခဲ့ပြီး နယ်နိမိတ်ကိုကျော်ဖြတ်ပြီး ဉာဏ်ပညာနှင့် ယဉ်ကျေးမှုများ ပြန့်ပွားရေးအတွက် လမ်းပြအဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၏ အားသွန်ခွန်စိုက်ကြိုးပမ်းအားထုတ်မှုသည် ထိုသို့ချိတ်ဆက်မှုကို ပိုမိုအားကောင်းစေပြီး မတူကွဲပြားသောလူမှုအသိုက်အဝန်းများကြားတွင် သဟဇာတဖြစ်မှုနှင့် နားလည်သဘောပေါက်မှုကို မြှင့်တင်ရန် ပထဝီဝင်နယ်နိမိတ်များကို ကျော်လွန်ခဲ့ကြောင်း အိန္ဒိသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr Abhay Thakur က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဖိတ်ကြားထားသည့် ဆရာတော်သံဃာတော်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

Photo - EMG ၊ သီတဂူဓမ္မသဘင် Live



 

Most Read

Most Recent