ပြင်းထန်အပူလှိုင်းကျရောက်နေသည့် အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်တွင် အပူလျှပ်သည်ဟု ယူဆရသည့်အနေအထားဖြင့် အနည်းဆုံး လူနှစ်ဦးသေဆုံး

ပြင်းထန်အပူလှိုင်းကျရောက်နေသည့် အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်တွင် အပူလျှပ်သည်ဟု ယူဆရသည့်အနေအထားဖြင့် အနည်းဆုံး လူနှစ်ဦးသေဆုံး
ဧပြီ ၂၄ ရက်က အိန္ဒိယနိုင်ငံ ဘန်ဂလာရူးမြို့၌ အပူလှိုင်းကျစဉ် အမျိုးသမီးတစ်ဦး ဒိန်ချဉ်သောက်နေပုံကို တွေ့ရစဉ်(Photo: Reuters)
ဧပြီ ၂၄ ရက်က အိန္ဒိယနိုင်ငံ ဘန်ဂလာရူးမြို့၌ အပူလှိုင်းကျစဉ် အမျိုးသမီးတစ်ဦး ဒိန်ချဉ်သောက်နေပုံကို တွေ့ရစဉ်(Photo: Reuters)
Published 30 April 2024

အိန္ဒိယတောင်ပိုင်းပြည်နယ် ကီရာလာတွင် အပူလျှပ်ခြင်းကြောင့်ဟုယူဆရသည့် အနေအထားဖြင့်အနည်းဆုံး လူနှစ်ဦးသေဆုံးသွားသည်ဟု ဧပြီ ၂၉ ရက်တွင် အိန္ဒိယ ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံသည် အပူချိန်များ စံချိန်တင်မြင့်တက်လာမှုများကို ရင်ဆိုင်နေရသည့် အနေအထားတွင် အပူလျှပ်သေဆုံးခြင်းများရှိလာခြင်းဖြစ်သည်။

အသက် ၉၀ အရွယ် အမျိုးသမီးနှင့် အသက် ၅၃ နှစ်အရွယ်အမျိုးသားတို့သည် ဧပြီ ၂၈ ရက်တွင် ကီရာလာပြည်နယ်၌ သေဆုံးသွားသည်ဟု ဟိန္ဒူသတင်းစာတစ်စောင်က သတင်းဖော်ပြခဲ့သည်။ ထိုနေ့တွင်အပူချိန်သည် ၄၁ ဒသမ ၉ ဒီဂရီဆဲလ်စီယပ်အထိမြင့်တက်ခဲ့ရာ ထိုအပူချိန်သည် သာမန်အပူချိန် ထက် ၅ ဒသမ ၅ ဒီဂရီ ဆဲလ်စီယပ်နီးပါးပိုများနေသည်။

“အဲဒီလူနှစ်ဦးသေဆုံးတာဟာ အပူလှိုင်းတွေကြောင့်သေဆုံးတာဟုတ်၊မဟုတ် ကျွန်တော်တို့အတည်မပြုသေးပါဘူး။ သေဆုံးမှုတွေကို စစ်ဆေးဖို့ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်”ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှုတာဝန်ရှိသူ ဆက်ခါကူရီယာကိုဆီက ပြည်နယ်မြို့တော် သီယူဗာနသန်ပူရမ်တွင် ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုက နွေလများအတွင်းတွင် ပိုမိုပြင်းထန်သော၊ မကြာမကြာဖြစ်ပေါ်သော၊ အချိန်ပိုကြာသော အပူလှိုင်းများကို ဖြစ်ပေါ်စေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားထားသည်။

အိန္ဒိယနိုင်ငံ၏တောင်ဘက်ဖျားတွင်ရှိသော ကီရာလာပြည်နယ်တွင် အပူချိန်များသည် ပုံမှန်ထက်ပိုမိုမြင့်နေမည်ဟု မျှော်လင့်ရသည်။ ထို့ကြောင့် အပူဒဏ်နှင့်ပတ်သက်၍အာဏာပိုင်များက ပြည်သူများကို သတိပေးချက်များ ထုတ်ပြန်ပေးထားသည်။ အိမ်ထဲတွင်နေကြရန် သတိပေးထားသည်ဟု ဆို သည်။

ကီရာလာ၏အိမ်နီးချင်း တမီလ်နာဒူးပြည်နယ်တွင် အရပ်ထဲက နိုင်ငံရေးသမားတစ်ဦးသည်လူများ အေးနေစေရေးအတွက် လတ်ဆတ်သောသစ်သီးများ၊ အုန်းသီးများ၊ အအေးများကို ချန်နိုင်း၌ ဝေပေးနေသည် ဟု သိရသည်။

မုတ်သုံဝင်ရောက်ပြီး အပူချိန်များကျ ဆင်းသွားလေ့ရှိသည့် ဧပြီနှင့်ဇွန်အကြား တွင် သာမန်ထက် အပူလှိုင်းကျသည့်နေ့များပိုများနေမည်ဟု အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားသည်။

အရှေ့ပိုင်းပြည်နယ် သြရိသတွင် အပူချိန်သည် ဧပြီ ၂၈ ရက်တွင် ၄၄ ဒသမ ၉ ဒီဂရီ ဆဲလ်စီယပ်ကို ရောက်ရှိခဲ့ရာ ထိုအပူချိန်သည် ဧပြီလတွင် အမြင့်ဆုံးအပူချိန်အဖြစ်စံချိန်တင်ခဲ့ပြီး အပူလျှပ်ခြင်းကြောင့် အနည်းဆုံးလူနှစ်ဦးသေဆုံးခဲ့သည်ဟု သြရိသပြည်သူ့ကျန်းမာရေးဒါရိုက်တာနာရန်ဂျန်မစ်ရှရာက ပြောကြားခဲ့သည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဧပြီ ၂၉ ရက်က အပူချိန် ၄၃ ဒီဂရီဆဲလ်စီယပ်အထိရောက်ရှိခဲ့သည့် ပြင်းထန်အပူလှိုင်းကျ ရောက်ခဲ့သောကြောင့် အာဏာပိုင်များက နိုင်ငံတစ်ဝန်းရှိ မူလတန်းကျောင်းအားလုံးနှင့် စာသင်ကျောင်းများကို ထပ်မံပိတ်ထားခဲ့ရသည်။

ဒါကာမြို့၌ နေအိမ်အပြင်ဘက်တွင် အလုပ်လုပ်ရသော ဆိုက်ကားဆရာ မိုဟာမက်ရှမ်နင်လိုလူများသည် များများစားစား အနားမရခဲ့ဟုဆိုသည်။“ပြင်းထန်တဲ့အပူလှိုင်း ကျရောက်နေချိန်နေရောင်အောက်မှာ အ လုပ်လုပ်ရတာပင်ပန်းလွန်းပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။               

Ref: Reuters

Most Read

Most Recent