ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း) ကို ထပ်မံပြုစုရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း) ကို ထပ်မံပြုစုရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား
Published 21 May 2024

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း) ကို ထပ်မံပြုစုရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။ 

မေ ၂၀ ရက်က ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နည်းဥပဒေရေးဆွဲရေးနှင့်ပတ်သက်၍ ဗဟိုအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးဌာန သုံးခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ ခြောက်ခုတို့က ပေးပို့ခဲ့သည့် အကြံပြုချက်များအပေါ် သက်ဆိုင်ရာဌာနများမှ အလေးထားဖတ်ရှုပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်၍ရေးဆွဲထားသည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း) ကို ရေးထုံးရေးနည်း စိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ပေးပို့ခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနမှ ဖြည့်စွက်ပြင်ဆင်ချက်၊ သဘောထားမှတ်ချက်များနှင့်အတူ ပြန်ကြားခဲ့ကြောင်း၊ ယင်းပြန်ကြားလာမှုအပေါ် စံပြုလုပ်ထုံးလုပ်နည်းပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့က အစည်းအဝေးခေါ်ယူပြီး ပြင်ဆင်ချက်/ ဖြည့်စွက်ချက်များနှင့်အတူ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း)ကို ထပ်မံပြုစုရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသည်။ 

နည်းဥပဒေ(စတုတ္ထမူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးချက်များ၊ အကြံပြုချက်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ဆွေးနွေးချက်၊ အကြံပြုချက်များကို ဆောလျင်စွာ ပေးပို့ပေးရန် ပြောကြားလိုကြောင်း၊ ပေးပို့လာသည့် အကြံပြုချက်များအပေါ် ပြင်ဆင်/ ဖြည့်စွက် သင့်သည်များကို ပြင်ဆင်/ ဖြည့်စွက်၍ ဥပဒေရေးရာဝန်ကြီးဌာနသို့ ရေးထုံးများ စိစစ်ရန်နှင့် သဘောထားမှတ်ချက်များ ပြန်ကြားပေးရန် ထပ်မံပေးပို့သွားရမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး အကြံပြုချက်များဖြင့် သဘောထားမှတ်ချက်ပြန်ကြားလာပါက ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ပြည်သူ့စစ်မှုထမ်းသင်တန်း ပထမအပါတ်စဉ်နှင့် ဒုတိယအပတ်စဉ်များကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ တတိယအပတ်စဉ်အတွက် သတ်မှတ်သင်တန်းသားအရေအတွက်၊ Time Frame များကိုလည်း မြေပြင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ်အဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန် ပြင်ဆင်ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးလက်ကမ်းစာစောင် ၆၈၆၂၅၀ စောင်ကို ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြားမှလည်း သတင်း၊ TV Spot ၊ ကြေညာချက်အစီအစဉ်၊ ဆောင်းပါးနှင့် နိုင်ငံတော်သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြားချက်များအပါအဝင် နှိုးဆော်ချက်များ၊ TV မဂ္ဂဇင်း/ ရေဒီယို မဂ္ဂဇင်းအဖြစ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောကြားခဲ့သော ဆောင်းပါးများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ အရာရှိတစ်ဦးပြောကြားခဲ့သည့် ဆောင်းပါးများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ကာကွယ်ရေးဝန်ကြီးဌာန Webportal တွင် အများပြည်သူကြည့်ရှုနိုင်ရန် တင်ထားပြီးဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် သတင်းမှန်များ ကျယ်ပြန့်စွာ ရောက်ရှိနိုင်ရေးအတွက် Mobile Operator လေးခုမှတစ်ဆင့် Short Message Service (SMS) အစောင်ရေ ၂၆၂ ဒသမ ၁၉ သန်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ကင်းလွတ်ခွင့်၊ လျော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များအတွက် ဥပဒေပုဒ်မ-၂၂ နှင့် ၁၅(က)တွင် ပါရှိသည့် သတ်မှတ်ချက်များအပြင် ပြည်သူများသိသင့်သိထိုက်သော ထုတ်ပြန်ချက်များကို Mobile Operator လေးခုမှတစ်ဆင့် SMS အစောင်ရေ ၁၃၃ သန်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း၊ သင်တန်း(၂)ပတ်စဉ် ဖွင့်လှစ်ခဲ့ပြီးချိန်တွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များတွေ့ရှိခဲ့ရပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့စစ်မှုထမ်းအဖွဲ့များအနေဖြင့် တွေ့ကြုံခဲ့ရသည့် အားနည်းချက် အားသာချက်များအပေါ် အပြန်အလှန်သုံးသပ်၍ လာမည့်အပတ်စဉ်များအတွက် ပြည်သူ့စစ်မှုထမ်းများ ခေါ်ယူရာတွင် ရည်မှန်းချက်ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေးနှင့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် အလေးထားကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များကလည်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ၎င်းက ပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent