ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သည့် သမ္မတလောင်းများ၏ ကန့်ကွက်တိုင်ကြားမှုကို အင်ဒိုနီးရှား၏ အမြင့်ဆုံးတရားရုံး ကြားနာစစ်ဆေး

ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သည့် သမ္မတလောင်းများ၏ ကန့်ကွက်တိုင်ကြားမှုကို အင်ဒိုနီးရှား၏ အမြင့်ဆုံးတရားရုံး ကြားနာစစ်ဆေး
Published 28 March 2024

ပြီးခဲ့သည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် သမ္မတလောင်းနှစ်ဦးက ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အနိုင်ရလဒ်ကို ပယ်ဖျက်ပေးရန် ပန်ကြားမှုကို အင်ဒိုနီးရှား၏ အမြင့်ဆုံးတရားရုံးက ကြားနာမှုပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မူမမှန်မှုများနှင့် မဲလိမ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကြောင်း ၎င်းသမ္မတလောင်းနှစ်ဦးက မတ်လ ၂၇ ရက်က တရားသူကြီးများရှေ့မှောက်တွင် ထွက်ဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက် သမ္မတရွေးကောက်ပွဲတွင် လက်ရှိကာကွယ်ရေးဝန်ကြီးဖြစ်သည့် သမ္မတလောင်း ပရာဘိုဝိုသည် ဆန္ဒမဲအားလုံး၏ ၅၈ ဒသမ ၆ ရာခိုင်နှုန်း (ဆန္ဒမဲ ၉၆ သန်းကျော်) ရရှိခဲ့ပြီး ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြောင်း အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထုတ်ပြန်ခဲ့သည်။ ပရာဘိုဝိုသည် ပြိုင်ဘက် သမ္မတလောင်းနှစ်ဦးဖြစ်သည့် အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနိုဝို၊ ဂျာကာတာအုပ်ချုပ်ရေးမှူးဟောင်း အနီးစ် ဘာစ်ဝီဒန်တို့ထက် မဲအရေအတွက် နှစ်ဆကျော် ရရှိခဲ့သည်။

သို့သော် ရှုံးနိမ့်ခဲ့သည့် သမ္မတလောင်းနှစ်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက်တွင် မူမမှန်သည့် အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပေးရန်နှင့် နောက်တစ်ကြိမ် ပြန်လည်မဲပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ ဦးတိုက်လျှောက်ထားခဲ့သည်။

အဆိုပါ သမ္မတလောင်းနှစ်ဦးစလုံးသည် ရုံးတော်နှင့် ရာထူးမှထွက်ခွာတော့မည့် သမ္မတဂျိုကိုဝီဒိုဒိုတို့သည် သမ္မတလောင်း ပရာဘိုဝို အလေးသာစေရန် ဥပဒေနှင့် စံနှုန်းများကို အတင်းအဓမ္မ ပြင်ဆင်ခဲ့သည်ဟူသော စွပ်စွဲချက်များကို အဓိကထားလျက် ၎င်းတို့၏ တိုင်ကြားချက်များကို လူကိုယ်တိုင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ဒီမိုကရေစီရဲ့ သမာသမတ်ကျမှုကို မှေးမှိန်စေတဲ့ မူမမှန်မှုများစွာကို လေးလေးနက်နက်စိိုးရိမ်စွာနဲ့ ကြုံတွေ့နေရပါတယ်" ဟု ဘာစ်ဝီဒန်က ရုံးတော်၌ ပြောကြားခဲ့သည်။

အဆိုပါကြားနာမှု ပြုလုပ်ခဲ့သည့် တရားရုံးအဆောက်အအုံအနီးတွင် လူဒါဇင်ပေါင်းများစွာက ဆန္ဒပြခဲ့ပြီး ၎င်းကြားနာစစ်ဆေးမှုကို ၎င်းတို့လည်း တက်ရောက်နားထောင်လိုသည်ဟု ပြောကြားခဲ့သည်။ အာဏာပိုင်များက တရားရုံးအဆောက်အအုံနှင့် ဆက်စပ်နေသည့် လမ်းများကို ပိတ်ဆို့ထားပြီး တရားရုံးအနီးတွင် ရဲတပ်ဖွဲ့ဝင် ၄၀၀ ခန့်ကို ဖြန့်ကြက်ခဲ့သည်။

ရွေးကောက်ခံသမ္မတ ပရာဘိုဝို၏ ဥပဒေအကြံပေးအဖွဲ့ကမူ ရှုံးနိမ့်ခဲ့သည့် သမ္မတလောင်းများ၏ ကြိုးပမ်းမှုများကို အပြင်းအထန်ပယ်ချခဲ့ပြီး ယင်းသည် လူထု၏မဲပေးခွင့်ကို ငြင်းပယ်ခြင်းဖြစ်သည်ဟု မတ်လ ၂၈ ရက်က ပြောကြားခဲ့သည်။ 

Ref: AP

Most Read

Most Recent