အာဖဂန်နစ္စတန်တွင် ဆီးနှင်းများထူထပ်စွာကျဆင်းပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သီတင်းသုံးပတ်အတွင်း လူ ၆၀ ထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်တွင် ဆီးနှင်းများထူထပ်စွာကျဆင်းပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သီတင်းသုံးပတ်အတွင်း လူ ၆၀ ထက်မနည်း သေဆုံး
မတ် ၁၂ ရက်က ဟီရတ်ပြည်နယ် ဟီရတ်မြို့တော်ရှိ မိုးရွာနေသည့် လမ်းပေါ်တွင် ပလပ်စတစ်အစများကို ခြုံထားသည့် အာဖဂန်အလုပ်သမားများကို တွေ့ရစဉ်(Photo:AFP)
မတ် ၁၂ ရက်က ဟီရတ်ပြည်နယ် ဟီရတ်မြို့တော်ရှိ မိုးရွာနေသည့် လမ်းပေါ်တွင် ပလပ်စတစ်အစများကို ခြုံထားသည့် အာဖဂန်အလုပ်သမားများကို တွေ့ရစဉ်(Photo:AFP)
Published 14 March 2024

အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့် သီတင်းသုံးပတ်အတွင်း ဆီးနှင်းများထူထပ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်  လူ ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရ၏ ဘေးအန္တရာယ်ဝန်ကြီးဌာနက မတ် ၁၃ ရက် တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် ပုံမှန်မဟုတ်သည့် ခြောက်သွေ့သည့် ဆောင်းရာသီကြောင့် ပူပြင်းခဲ့သော်လည်း ဆောင်းရာသီကုန်သည့် အချိန်တွင် ဆိုးရွားသည့် ရာသီဥတု အထူးသဖြင့် ရေလွှမ်းမိုးမှုများသည် ပုံမှန်အတိုင်း ဖြစ်ပွားခဲ့ပြီး ဒေသခံများကို ဘေးဒုက္ခရောက်စေခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက နှင်းကျမှုများနှင့် မိုးရွာသွန်းမှုများကြောင့် လူပေါင်း ၆၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျန်နန် ဆေးယက်က ဗီဒီယိုဖိုင်ထုတ်ပြန်ပြီး ပြောကြားခဲ့သည်။

ဆိုးရွားသည့် ရာသီဥတုဖြစ်စဉ်များကြောင့် နေအိမ် ၁၆၄၅ လုံးခန့် အလုံးစုံ သို့ မဟုတ် တစ်ပိုင်းတစ်စ ပျက်စီးခဲ့ပြီး ခြံမွေးတိရစ္ဆာန် ၁၇၈၀၀၀ နီးပါးခန့် သေဆုံးခဲ့ ကြောင်း ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်တွင် အမေရိကန်က ထောက်ပံ့ပေးထားသည့် အစိုးရအဖွဲ့ပြိုလဲပြီး တာလီဘန်တို့ အာဏာ ပြန်ရလာခဲ့ပြီးကတည်းက ပြည်ပကူညီထောက်ပံ့မှုများသည် သိသိသာသာလျော့ကျသွားခဲ့ပြီး သဘာဝ ဘေးအန္တရာယ်များကို တုံ့ပြန်မှုတွင် ယခင်ကတည်းက ဆင်းရဲမွဲတေနေသည့် အာဖဂန်၏ စွမ်းဆောင်ရည်များကို လျော့နည်းစေခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည့် အနောက်ဟီရတ်ပြည်နယ်တွင် မတ် ၁၁ ရက်မွန်းလွဲပိုင်းကတည်းက မိုးသည်း ထန်စွာရွာသွန်းပြီးနောက် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။

ဟီရတ်ပြည်နယ်၏ မြို့တော်ဟီရတ်တွင် နေအိမ်ခေါင်မိုးပြိုကျခဲ့သဖြင့် မိသားစုတစ်စုထဲမှ မိသားစုဝင် ငါးဦးသေဆုံးခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးအရာရှိ အဗ္ဗဒူဇာဟာ နျူအာဇိုင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြည်နယ်အတွင်း နေအိမ် ၂၅၀ ခန့်ပျက်စီးခဲ့ပြီး လယ်ယာစိုက်ခင်းများတွင် ရေများဝင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ငါးလခန့်က ငလျင်လှုပ်ခတ်မှု ဒဏ်များကို ခံစားခဲ့ရသည့် ဒေသတွင်းရှိ အ ခြားနေအိမ်အများစုကဲ့သို့ပင် ဆွေမျိုးငါးဦး နေထိုင်သည့် နေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း ဒေသခံ အိမာမ် နာကီဘူလာက အေအက်ဖ် ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က စတင်လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် လူပေါင်း ၁၅၀၀ နီးပါးသေဆုံးကာ နေအိမ်ပေါင်း ၃၀၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ပြည်နယ်မြို့တော်ဖြစ်သည့် ဟီရတ်၏ အနောက်မြောက်ပိုင်း ၁၉ မိုင်အကွာရှိ ဝေးလံခေါင်သီသော ဒေသများတွင်အောက်တိုဘာ ၇ ရက်က ရစ်ချ်တာစကေး ၆ ဒသမ ၃ ပြင်း အားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အင်အားပြင်းနောက်ဆက်တွဲ ငလျင်ရှစ်ခုလှုပ်ခတ်ခဲ့သည့်အတွက် ကျေးလက်နေအိမ်များ ပြိုကျခဲ့ပြီး အထိတ်တလန့်ဖြစ်နေသော ဒေသခံများသည် လမ်းများပေါ်တွင် စုဝေး ရောက်ရှိနေခဲ့ကြသည်။

လူဦးရေ ၁ ဒသမ ၉ သန်းနေထိုင်သည့် ဟီရတ်ပြည်နယ်သည် အီရန်နယ်စပ်အနီး၌ရှိပြီး တစ်နှစ်နီးပါးကြာ မိုးခေါင်မှုကို ကြုံတွေ့ ခံစားခဲ့ရသည်။                              Ref:AFP

Most Read

Most Recent