ခေါင်းဆောင်ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ်ကိရှိဒက အဆိုပြုခဲ့ဟု မြောက်ကိုရီးယား ပြောကြား

ခေါင်းဆောင်ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ်ကိရှိဒက အဆိုပြုခဲ့ဟု မြောက်ကိုရီးယား ပြောကြား
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ဝဲ)နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ဝဲ)နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒ(ယာ)တို့ကို တွေ့ရစဉ်(Photo: AFP)
Published 25 March 2024

ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း မြောက်ကိုရီးယား၏ သြဇာကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကင်ယိုဂျုံက မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်အစိုးရဘက်က မူဝါဒပြောင်းလဲခြင်းမရှိပါက ထိုသို့တွေ့ဆုံရန် ဖြစ်လာဖွယ်မရှိဟုလည်း ၎င်းက ဆိုသည်။

ကာလကြာမြင့်နေပြီဖြစ်သည့် ပြန်ပေးဆွဲမှုပြဿနာနှင့် မြောက်ကိုရီးယား၏ တားမြစ်ခံနျူကလီးယားနှင့် ဒုံးလက်နက်အစီအစဉ်ကဲ့သို့ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ဆက်ဆံရေးတင်း မာနေခဲ့သော်လည်း ဂျပန်ဝန်ကြီးချုပ် ကိရှိဒက မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားဘက်ကလည်း ယင်းသို့ပြောဆိုမှုအပေါ် ကန့်ကွက်ခြင်းမရှိသည့် အရိပ်အယောင် ပြသခဲ့သည်။

ကြိုတင်သတ်မှတ်ချက် တစ်စုံတစ်ရာမရှိဘဲ ကင်ဂျုံအွန်နှင့် တွေ့ဆုံလိုသည်ဟု ကိရှိဒက ယမန်နှစ်တွင် ပြောကြားခဲ့ပြီး ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်နိုင်ငံသားများကို မြောက်ကိုရီးယား သူလျှိုများက ဖမ်းဆီးခဲ့သည့် ကိစ္စရပ်အပါအဝင် ပြဿနာအားလုံးကို ပြေလည်အောင်ဖြေရှင်းရန် ဆန္ဒရှိသည်ဟုလည်း ပြောကြားခဲ့သည်။ ယင်းသည် ဂျပန်တွင် ထိရှလွယ်သည့် ကိစ္စရပ်တစ်ခုအဖြစ် ရှိနေသေးသည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မ တနိုင်ငံအစိုးရရဲ့ အထွတ်အထိပ်ခေါင်းဆောင်နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုတဲ့သူ့ရဲ့ရည်ရွယ်ချက်ကို ကိရှိဒက ထုတ်ဖော်ပြောဆိုခဲ့တယ်”ဟု ကင်ယိုဂျုံက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

အနာဂတ်တွင် ဂျပန်ခေါင်းဆောင်အား မြောက်ကိုရီးယားသို့ လာရောက်ရန်ဖိတ်ကြားဖွယ်ရှိသည်ဟု ပြီးခဲ့သည့်လတွင် မြောက်ကိုရီးယားအစိုးရ၏ အဓိကပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် ကင်ယိုဂျုံက အရိပ်အမြွက်ပြောဆိုခဲ့သည်။

သို့သော် မြောက်ကိုရီးယား-ဂျပန်ဆက်ဆံရေး၏ သမိုင်းကြောင်းအရ ဂျပန်ဘက်က ၎င်းတို့၏မူဝါဒကို သိသိသာသာပြောင်းလဲခြင်းမရှိလျှင် သံသယနှင့် အထင်အမြင်လွဲမှုများ ပြည့်နှက်နေသည့် နှစ်နိုင်ငံဆက်ဆံရေး ကို တိုးတက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျပန်အနေဖြင့် ထပ်မံဖြေရှင်းစရာမရှိသည့် ပြန်ပေးဆွဲမှုကိစ္စကို ဆက်လက်အာရုံစိုက်နေဦးမည်ဆိုလျှင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်လိုသည့် ကိရှိဒ၏ မျှော်လင့်ချက်သည် အကောင်အထည်ပေါ် လိမ့်မည်မဟုတ်ဟုလည်း ကင်ယိုဂျုံက သတိပေးခဲ့သည်။

ကိရှိဒကမူ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ၏ ဖော်ပြချက်ကို မသိရှိကြောင်း ပြောကြားခဲ့ပြီး ယင်းဖော်ပြချက်တွင် ပါရှိသည့် အကြောင်းအရာများနှင့် ပတ်သက်၍ တိုက်ရိုက် မှတ်ချက်ပြုပြောဆိုခဲ့ခြင်းမရှိဘဲ မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးမှု ပြုလုပ်ခြင်းသည် အရေးကြီးသည်ဟုသာ ပြောဆိုခဲ့သည်။

သူလျှိုများကို ဂျပန်စာနှင့် ဂျပန်ဓလေ့ထုံးစံများ သင်ကြားရာတွင်အသုံးချရန် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်လူမျိုး ၁၃ ဦးကို ပြန်ပေးဆွဲရန်ညွှန်ကြားခဲ့ဟု မြောက်ကိုရီးယားက ဝန်ခံခဲ့သည်။         

Ref: AFP

Most Read

Most Recent