အသင်းတိုက်စစ်မှူး တိုနေးအား စျေးနှုန်းသတ်မှတ်ထားခြင်းမရှိကြောင်း ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ် ပြောကြား

အသင်းတိုက်စစ်မှူး တိုနေးအား စျေးနှုန်းသတ်မှတ်ထားခြင်းမရှိကြောင်း ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 27 April 2024

 

ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းထွက်နေသည့် အသင်းတိုက်စစ်မှူး တိုနေးအား စျေးနှုန်းသတ်မှတ်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ 

ဘရန့်ဖို့ဒ်အသင်းနှင့် ချုပ်ဆိုထားသည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး တိုနေး(၂၆ နှစ်)၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းဘက်က စာချုပ်သစ်ချုပ် ဆိုလိုနေသော်လည်း ကစားသမားကမူ ထိပ်တန်းအသင်းတစ်သင်းသင်းထံသို့ ပြောင်းရွှေ့ ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

လက်ရှိတွင် တိုနေးအား ခေါ်ယူရန် ပရီးမီးယားလိဂ် ထိပ်သီးများဖြစ်သည့် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့က စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေသည်။ ဘရန့်ဖို့ဒ်အသင်းသည် တိုနေးကို စာချုပ်သစ်ချုပ်ဆို နိုင်ခြင်းမရှိပါက လာမည့်နွေတွင် ရောင်းချဖွယ်ရှိနေပြီး ၎င်း၏ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀ စျေးနှုန်းသတ်မှတ်ထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကမူ "တိုနေးအကြောင်းကို အတိအကျသိချင်ရင် ဖီးလ်ဂီးလ်(အားကစားဒါရိုက်တာ)နဲ့ မက်သရူးဘန်ဟမ်(အသင်းပိုင်ရှင်)တို့ကို မေးတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော် ဖြေနိုင်တာကတော့ ကျွန်တော်တို့အသင်းအနေနဲ့ တိုနေးကို စျေးနှုန်းသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါက သေချာပါတယ်။ အခုထွက်နေတဲ့ သတင်းတွေက မီဒီယာတွေက လျှောက်ရေးနေကြတာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent