ခုနစ်ရာသီဆက်တိုက် တစ်ရာသီလျှင် အနည်းဆုံး ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံး လီဗာပူးလ်ကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်

ခုနစ်ရာသီဆက်တိုက် တစ်ရာသီလျှင် အနည်းဆုံး ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံး လီဗာပူးလ်ကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်
Photo: X
Photo: X
Published 16 March 2024

 

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မိုဟာမက်ဆာလာသည် စပါတာပရပ်ဂ် အသင်းနှင့် ယူရိုပါလိဂ်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ခုနစ်ရာသီဆက်တိုက် တစ်ရာသီလျှင် အနည်းဆုံး ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံး လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မတ် ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်တွင် လီဗာပူးလ်အသင်းက စပါ တာပရပ်ဂ်အသင်းအား အိမ်ကွင်း၌ (၆-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ လီဗာပူးလ် အသင်းအတွက် ဂိုးများကို ခုနစ်မိနစ်တွင် ဒါ ဝင်နူးညက်ဇ်၊ ရှစ်မိနစ်တွင် ဘော်ဘီကလက်ခ်၊ ၁၀ မိနစ်တွင် ဆာလာ၊ ၁၄၊ ၅၅ မိနစ်တွင် ဂက်ပိုနှင့် ၄၈ မိနစ်တွင် ဆိုဘိုဆလိုင်းတို့က သွင်းယူပေးခဲ့ပြီး ဆာလာမှာ ကလက်ခ်၊ ဂက်ပိုနှင့် ဆိုဘိုဆလိုင်းတို့သွင်းယူသည့် သုံးဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ ဆာလာ (၃၁ နှစ်) အနေဖြင့် ယခုရာသီ ပြိုင်ပွဲစုံတွင် သွင်းဂိုး ၂၀ ပြည့် မြောက်ခဲ့ပြီဖြစ်ပြီး ခုနစ်ရာသီဆက်တိုက် တစ်ရာသီလျှင် အနည်းဆုံး ဂိုး ၂၀ နှင့်အထက် (၂၀၁၇-၂၀၁၈ ရာသီ ၄၄ ဂိုး၊ ၂၀၁၈-၂၀၁၉ ရာသီ ၂၇ ဂိုး၊ ၂၀၁၉-၂၀၂၀ ရာသီ ၂၃ ဂိုး၊ ၂၀၂၀-၂၀၂၁ ရာသီ ၃၁ ဂိုး၊ ၂၀၂၁-၂၀၂၂ ရာသီ ၃၁ ဂိုး၊ ၂၀၂၂-၂၀၂၃ ရာသီ ဂိုး ၃၀၊ ၂၀၂၃-၂၀၂၄ ရာသီ ဂိုး ၂၀) သွင်းယူနိုင်သည့် ပထမဆုံး လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ဆာလာ သည် ယခုရာသီ ပြိုင်ပွဲစုံတွင် ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြည့်မြောက်သွားပြီဖြစ်ပြီး တစ်ရာသီလျှင် အနည်းဆုံး သွင်းဂိုး ၂၀ နှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်သည်မှာ ခြောက်ရာသီ မြောက်ဖြစ်သည်။ ၂၁ ရာစုအတွင်း ၎င်းထက် ပို၍စွမ်းဆောင်နိုင်သည့်ကစားသမား သုံးဦးသာရှိသေးပြီး မက်ဆီ (၁၃ ရာသီ)၊ လူးဝစ်ဆွာရက်ဇ် (ကိုးရာသီ)၊ စီရော်နယ်လ်ဒို (ကိုးရာသီ) တို့ဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းအတွက်လည်း စပါတာပရပ်ဂ်အသင်းအား နှစ်ကျော့ပေါင်း (၁၁-၂) ဂိုးဖြင့် အနိုင်ရခြင်းမှာ ၁၉၈၀-၁၉၈၁ ရာသီ ဥရောပဖလား (ယခုချန်ပီယံလိဂ်) ပြိုင်ပွဲ ပထမအဆင့်တွင် ဖင်လန်ကလပ် OPS အသင်းအား နှစ်ကျော့ပေါင်း (၁၁-၂) ဂိုးဖြင့် အနိုင်ရပြီးနောက် ဥရောပပြိုင်ပွဲတွင် နှစ်ကျော့ပေါင်း ဂိုးအပြတ်ဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လီဗာပူးလ်အသင်းသည် ယူရိုပါလိဂ် (ယခင် UEFA ဖလား) ပြိုင်ပွဲ တွင် သုံးကြိမ် (၁၉၇၃၊ ၁၉၇၆၊ ၂၀၀၁) ဗိုလ်စွဲခဲ့ဖူးသည်။

Most Read

Most Recent