မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်သို့ ပစ်ခတ်သည့် ရှော့တိုက်ဒုံးများ ပမ္မတီး ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး သုံးဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိ

မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်သို့ ပစ်ခတ်သည့် ရှော့တိုက်ဒုံးများ ပမ္မတီး ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး သုံးဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိ
Published 18 May 2024

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ဘက်သို့ မေလ ၁၈ ရက် နံနက် ၉ နာရီခန့်က  ပစ်ခတ်သည့် ရှော့တိုက်ဒုံးများ ပမ္မတီး ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ သုံးဦးသေဆုံးခဲ့ပြီး  ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မြင်တွေ့ခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

ပမ္မတီးရပ်ကွက်သည် မြောက်ပိုင်းတိုင်းစစ်ဌာချုပ်နှင့် နန့်ပေါင်လေယာဉ်ကွင်း ကြားတွင် တည်ရှိသည်။

ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူသုံးဦးမှာ အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် ဝပ်ရှော့ဆရာ အမျိုးသားတစ်ဦး၊ ဆင်ဘိုမြို့မှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်ဦးဖြစ်ကြောင်း သိရသည်။

'' ရပ်ကွက်ထဲ ကျတာက လေးလုံး။ စျေးနားက ဝပ်ရှော့ဆရာ သန်းလှိုင် သေတယ်။ အိမ် မှန်တာ။ သူ့မိန်းမက ဒဏ်ရာ ရတယ်။ အခြားနေရာမှာ နှစ်ဦး ဒဏ်ရာရတယ် ။သေတာက နှစ်ယောက်။ မြစ်ကြီးနား တပ်က ပစ်တာ မဟုတ်ဘူး။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ ပစ်တာ။ရှော့တိုက်ဒုံး လို့ ပြောနေကြတယ်။ မြစ်ထဲလည်း ကျသေးတယ် ပြောနေကြတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူများကို ပြည်နယ်အစိုးရအဖွဲ့ က တစ်ဦးလျှင်ဆယ်သိန်းကျပ်နှင့် ဒဏ်ရာရသူတစ်ဦးလျှင် သုံးသိန်းကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မေလ ၁၈ ရက်တွင် KIA အဖွဲ့က စစ်ဌာနချုပ်နှင့် လေတပ်စခန်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မြစ်ကြီးနားမြို့ရှိ နန့်ပေါင် လေတပ်စခန်းကို KIA၊PDF ပူးပေါင်းအဖွဲ့က ဧပြီ ၁၉ ရက်တွင် တစ်ကြိမ်၊ မတ်လ ၇ ရက်က တစ်ကြိမ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

Most Read

Most Recent