သထုံမြို့နယ် သိမ်ဆိပ် နယ်မြေရဲစခန်း Drop Bomb ချ တိုက်ခိုက်ခံရ

သထုံမြို့နယ် သိမ်ဆိပ် နယ်မြေရဲစခန်း Drop Bomb ချ တိုက်ခိုက်ခံရ
Published 27 April 2024

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ် နယ်မြေရဲစခန်းမှာ ဧပြီ ၂၇ ရက် (ယနေ့) နံနက် ပိုင်းက Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ နံနက် ပိုင်းက အဆိုပါ သိမ်ဆိပ်နယ်မြေရဲစခန်းအတွင်း ပေါက်ကွဲသံများကြားလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရဲစခန်းထဲကို Drone နဲ့ Drop Bomb ချတိုက်ခိုက်ခံရတာလို့ သိရတယ်။ အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ ကြားသိရတယ်” ဟု ပြောကြားသည်။

ဗုံးချတိုက်ခိုက်ခဲ့သည့် Drone ယာဉ်မှာ Drop Bomb ပစ်ချပြီးနောက် သိမ်ဆိပ်နယ်မြေရဲစခန်း၏ အရှေ့တောင်ဘက် သချႋုင်းဘက်သို့ ပျံသန်းသွားစဉ် ရဲစခန်းမှ မီတာ (၅၀၀) ခန့်အကွာ၌ ပျက်ကျခဲ့ကြောင်း နှင့် ယင်း Drone ယာဉ်အား သက်ဆိုင်ရာမှ သွားရောက်သိမ်းဆည်းခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူများ ထံမှ သိရသည်။

ထို သိမ်ဆိပ်နယ်မြေရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းအား ယမန်နှစ် (၂၀၂၃) ခုနှစ် ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) က PDF ပူးပေါင်းအဖွဲ့များက လာရောက်ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent