NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO ခုနှစ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO ခုနှစ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Published 28 March 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့တို့မှ ကိုယ်စားလှယ်များသည် မတ် ၂၈ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နာယက ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၇၉)နှစ်မြောက် တပ်မတော်အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ကြားခဲ့သည့် NCA နှင့်စပ်လျဉ်းသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ (၆)ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အား ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် INGO အဖွဲ့တို့အကြား အကောင်အထည်ဖော် ဆောင်ရွက်မည့် "မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရေးစီမံကိန်း"လျာထားဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent