ဂါဇာတွင် အပျက်အစီးတန်ချိန်ပေါင်း ၃၇ သန်းကို ရှင်းလင်းရန် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ကြောင်း ကုလသမဂ္ဂပြောကြား

ဂါဇာတွင် အပျက်အစီးတန်ချိန်ပေါင်း ၃၇ သန်းကို ရှင်းလင်းရန် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ကြောင်း ကုလသမဂ္ဂပြောကြား
ဧပြီ ၂၇ ရက်က ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့တွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပျက်အစီးများကြားတွင် ရပ်နေသော ပါလက်စတိုင်းကလေးနှစ်ဦးကို တွေ့ရစဉ်(Photo:AFP)
ဧပြီ ၂၇ ရက်က ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့တွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပျက်အစီးများကြားတွင် ရပ်နေသော ပါလက်စတိုင်းကလေးနှစ်ဦးကို တွေ့ရစဉ်(Photo:AFP)
Published 27 April 2024

အစ္စရေး၏ ထိုးစစ်ဆင်မှုပြီးဆုံးချိန်တွင် ဂါဇာဒေသ၌ရှင်းလင်းရန် အပျက်အစီးတန်ချိန်ပေါင်း ၃၇ သန်းရှိကာ ၎င်းတို့ကိုရှင်းလင်းရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဟုကုလ သမဂ္ဂမိုင်းလှုပ်ရှားမှုအဖွဲ့(UNMAS)မှ အကြီးတန်းတာဝန်ရှိသူ ပီဟာလော့ဒ်ဟမ်မာ က ဧပြီ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

အပျက်အစီးများတွင် နစ်မြုပ်နေသော မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများသည် လုပ်ငန်းတာဝန်များကို ရှုပ်ထွေးစေလိမ့်မည်ဟု အီရတ်ကဲ့သို့ နိုင်ငံများတွင်မိုင်းလုပ်ငန်းများကို လုပ်ကိုင်နေသည့် UNMAS မှ လော့ဒ်ဟမ်မာကဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပစ်ခတ်ခဲ့သော လက်နက်ခဲယမ်းမည်မျှ အာနိသင်ရှိနေသေးသည်ကို မပြောနိုင်ကြောင်း လော့ဒ်ဟမ်မာကဆိုသည်။

“ပုံမှန်အားဖြင့် မြေပြင်တပ်ဖွဲ့တွေပိုင် ဆိုင်တဲ့လက်နက်ခဲယမ်းတွေရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်း အလုပ်မလုပ်ကြတော့ဘူးဆိုတာကိုကျွန်တော်တို့ သိထားပါတယ်”ဟု ၎င်းက ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ခန့်မှန်းခြေ အပျက်အစီးတန်ချိန်ပေါင်း ၃၇ သန်းရှိမယ်လို့ ကျွန်တော်တို့ သိရှိထားပြီး စတုရန်းမီတာတစ်ကွက်မှာ ပျမ်းမျှအပျက်အစီး ၃၀၀ ကီလိုလောက်ရှိပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ထရပ်ကားအစီးရေ ၁၀၀ မှစတင်၍ ယင်းအပျက်အစီးများကို ရှင်းလင်းရန် ၁၄ နှစ်အချိန်ယူရလိမ့်မည်ဟု ၎င်းကပြောကြားခဲ့သည်။

UNMAS က ဧပြီ ၂၆ ရက်တွင် ၎င်း၏ ၂၀၂၃ နှစ်စဉ်အစီရင်ခံစာကို ထုတ်ပြန်ချိိန်၌ လော့ဒ်ဟမ်မာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်းအစ္စလာမ်မစ်အဖွဲ့ဟားမာ့စ်တို့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို တိုက်ခိုက်မှုစတင်ခဲ့ပြီးနောက်ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်ကြားစစ်ပွဲစတင်ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် သေဆုံးသူ၁,၁၇၀ ဦး ရှိခဲ့သည်ဟု အစ္စရေး၏တရားဝင်ထုတ်ပြန်ချက်ကို အခြေခံ၍အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

အစ္စရေးက ဟားမာ့စ်အဖွဲ့ကို ရှင်းလင်းဖယ်ရှားမည်ဟု ကတိပြုခဲ့ပြီး ဂါဇာတွင်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများ နှင့်ကလေးများအပါအဝင် လူ ၃၄,၃၅၆ ဦး သေဆုံးခဲ့သည်ဟု ဟားမာ့စ်အဖွဲ့၏ ကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မကြာသေးမီက တောင်ပိုင်း ဂါဇာစီးတီးမှ အရပ်သားများ ရွှေ့ပြောင်းရမည်ဟု ပြောကြားခဲ့ပြီးနောက် အစ္စရေးသည် ဧပြီ ၂၅ ရက် အစောပိုင်းတွင် ရာဖာကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သည်ဟု ဂါဇာကမ်းမြောင်ရှိ ဆရာဝန်များကပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်သည် ကီလိုမီတာ ၄၀ ခန့်ရှည်လျားပြီး အကျယ်မှာ ငါးကီလိုမီတာမှ ၁၄ ကီလိုမီတာအကြားရှိသောကြောင့် ဂါဇာသည် ကမ္ဘာပေါ်တွင် လူဦးရေအသိပ်သည်း ဆုံးနေရာတစ်ခုဖြစ်သည်။

ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများနှင့်မြေပြင်ထိုးစစ်တို့ကို ခုနစ်လကြာလုပ်ဆောင်လျက်ရှိစဉ် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်မြောက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများကိုလည်းကောင်း၊ တောင်ပိုင်းရှိ ခန်းယူနစ်၏အရှေ့ပိုင်းကိုလည်းကောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်။ အစ္စရေး၏အဓိက ရည်မှန်းချက်မှာ ဟားမာ့စ်ကို ချေမှုန်းရန်ဖြစ်သည်ဆိုသော်လည်း အစ္စရေးက ဟားမာ့စ်ကို မည်သို့မည်ပုံ ချေမှုန်းမလဲဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။

ဟားမာ့စ်တပ်ရင်းများ၏နောက်ဆုံးနေရာသည် ရာဖာနှင့်အခြားနေရာများတွင်ရှိနေသည်ဟု အစ္စရေးအစိုးရပြောခွင့်ရ ဒေးဗစ်မန်ဆာက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent