ဒေါ်နယ်ထရန့်သည် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်လိမ့်မည်ဟု ဂျိုးဘိုင်ဒင်ပြောကြား

ဒေါ်နယ်ထရန့်သည် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်လိမ့်မည်ဟု ဂျိုးဘိုင်ဒင်ပြောကြား
မေ ၁ ရက်က ဝစ္စကွန်ဆင်ပြည်နယ် ၀ါအူကီရှာမြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် သမ္မတဟောင်းထရန့်က မိန့်ခွန်းပြောကြားနေစဉ်(Photo: AFP)
မေ ၁ ရက်က ဝစ္စကွန်ဆင်ပြည်နယ် ၀ါအူကီရှာမြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် သမ္မတဟောင်းထရန့်က မိန့်ခွန်းပြောကြားနေစဉ်(Photo: AFP)
Published 9 May 2024

ဒေါ်နယ်ထရန့်သည် ယခုနှစ်အတွင်းပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ငြင်းဆိုလိမ့်မည်ဟု သမ္မတဂျိုးဘိုင်ဒင်က  မေ ၈ ရက်တွင် ပြောကြားခဲ့သည်။ ဘိုင်ဒင်နှင့် ထရန့်တို့သည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲကလည်း ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုနှစ် နိုဝင်ဘာလတွင် နောက်တစ်ကြိမ် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲအကြိုပြုလုပ်သည့် လူထုသဘောထားစစ်တမ်းကောက်ယူမှုတွင် အမေရိကန်ပြည်သူများသည် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းနေသည့် ရလဒ်များထွက်ပေါ်ခဲ့သည်။

CNN သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဘိုင်ဒင်က ထရန့်သည် ရွေးကောက်ပွဲရလဒ်ကို လက်မခံမည့် အလားအလာကို ပြောကြားခဲ့သည်။

“သူလက်ခံမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ကတိပေးပါတယ်။ ဒါက အန္တရာယ်များပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထရန့်သည် တရားရေးဆိုင်ရာ စိန်ခေါ်မှုများ ထပ်တလဲလဲရှုံးနိမ့်ခဲ့သည့်တိုင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် သူအနိုင်ရရှိခဲ့ကြောင်း အခြေအမြစ်မရှိဘဲ ပြောကြားနေဆဲဖြစ်သည်။

“သူတို့ တရားရုံးတွေမှာ အမှုဘယ်လောက်တောင်ဖွင့်ထားခဲ့လဲ။ တရားရုံးချုပ်အမှုတွေကရော။ အဲဒီအမှုတွေအားလုံးမှာတော့ အလုံးစုံတရားဝင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ပြောနေပါတယ်။ ဒါက ထရန့်လို့ခေါ်ပါတယ်။ သင့်အနေနဲ့ သင်ရွေးကောက်ပွဲနိုင်တဲ့အချိန်ကျမှသာ သင့်နိုင်ငံကို  ချစ်နိုင်တာမဟုတ်ပါဘူး”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ပြီးခဲ့သည့် သီတင်းပတ်က ထရန့်မဲဆွယ်စည်းရုံးပွဲပြုလုပ်ခဲ့သည့် ဝစ္စကွန်ဆင်ပြည်နယ်တွင် CNN သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထရန့်သည် အပြာရုပ်ရှင် သရုပ်ဆောင်မင်းသမီးစတွန်မီ ဒန်နီယယ်စ်ကို နုတ်ပိတ်ခငွေပေးချေမှုစွဲချက်နှင့် လက်ရှိတွင် တရားရုံး၌ အမှုရင်ဆိုင်နေရပြီး ပြီးခဲ့သည့်သီတင်းပတ်ကလည်း ထရန့်က  ၂၀၂၄ ခုနှစ်ရွေးကောက် ပွဲကို အနှောင့်အယှက်ပေးမည့်သဘောမျိုးဖြင့် ဒေသခံမီဒီယာတစ်ခုကို အရိပ်အမြွက် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲရလဒ်သည် အရာရာရိုးသားဖြောင့်မတ်မှုရှိခဲ့မည်ဆိုပါက ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း ထရန့်က Milwaukee Journal Sentinel ကို ပြောကြားခဲ့သည်။

“အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့သင့်အနေနဲ့ နိုင်ငံရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသမိုင်းတွင် အသက်အကြီးဆုံး တာဝန်ထမ်းဆောင်ဆဲသမ္မတဖြစ်သည့် ဘိုင်ဒင်(၈၁ နှစ်)ကမူ နိုဝင်ဘာလတွင် ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိလိမ့်မည်ဟု အမေရိကန်၏ မဟာမိတ်များက မျှော်လင့်နေကြကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် ကမ္ဘာတစ်ပတ်ခရီးသွားခဲ့ပြီးပါပြီ။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့တွေ့ရင် သူတို့ဘာပြောလဲဆိုတာ ခင်ဗျားသိလား။ ဒါကဟာသမဟုတ်ဘူးနော်။ ၈၀ ရာခိုင်နှုန်း လောက်က ကျွန်တော်အနိုင်ရလိမ့်မယ်လို့ပဲ ပြောခဲ့ကြပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထရန့်၏ မဲဆွယ်စည်းရုံးပွဲများတွင် ပြောကြားခဲ့သည့် မှတ်ချက်များအရ သူသည် သူ့ ကိုယ်ပိုင်ရည်မှန်းချက်များအတွက် သမ္မတရွေးကောက်ပွဲကို အနိုင်ရရှိရန်ကြိုးပမ်းနေသည့်အချက်ကို ပြသရာရောက်နေသည်ဟု ဘိုင်ဒင်က ပြောကြားခဲ့့သည်။   

Ref: AFP

Most Read

Most Recent