အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှုကို မေ ၂၁ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ပြုလုပ်မည်ဖြစ်ပြီး ယင်းအုပ်စုမဲခွဲပွဲကို မြန်မာ့လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဖိုက်ရှ်အွန်ဘိုင်နာ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲ(ဒေသစံတော်ချိန် ၂ နာရီ) တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်း ကိုယ်စားပြုအဖြစ် နည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွနါဘိုင်နာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ရာတွင် Pot-1 တွင် ထိုင်း နှင့် ဗီယက်နမ်၊ Pot-2 တွင် အင်ဒိုနီးရှားနှင့် မလေးရှား၊ Pot-3 တွင် ဖိလစ်ပိုင်နှင့် စင်ကာပူ၊ Pot-4 တွင် မြန်မာနှင့် ကမ္ဘောဒီးယား၊ Pot-5 တွင် လာအိုနှင့် ခြေစစ်ပွဲအောင်အသင်းတို့ ကျရောက်နေသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ဆီဒင်သတ်မှတ်မှုကို ကျင်းပပြီးခဲ့သည့် ၂၀၂၀ ပြိုင်ပွဲနှင့် ၂၀၂၂ ပြိုင်ပွဲတို့မှ ရလဒ်များကိုအခြေခံပြီး ခွဲဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခြေစစ်ပွဲအဖြစ် ဘရူနိုင်းအသင်းနှင့် တီမောအသင်းတို့ အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး တစ်သင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကျင်းပမည့်ပြိုင်ပွဲပုံစံကို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကျင်းပပြီးခဲ့သည့် ၂၀၂၂ ပြိုင်ပွဲပုံစံအတိုင်း အုပ်စုတွင်းအသင်းတစ်သင်းအနေဖြင့် အိမ်ကွင်း(၂)ပွဲ၊ အဝေးကွင်း(၂)ပွဲ ကစားရဖွယ်ရှိနေသည်။
အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ပြုလုပ်မည်ဖြစ်သည်။
အာဆီယံဘောလုံးအ ဖွဲ့ချုပ်(AFF) သည် ယခုပြိုင်ပွဲကို (၁၅) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် (၁၄)ကြိမ်တွင် ထိုင်းအသင်းက ချန်ပီယံ(၇) ကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲ နှစ်ကြိမ်တွင်သာ ဆီမီးဖိုင်နယ်တက်ရောက်ဖူးပြီး ကျန်ပြိုင်ပွဲအားလုံးတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများအဖြစ် ဇွန်လအတွင်း ဂျပန်၊ မြောက်ကိုရီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။















