တောင်ကိုရီးယားတွင် ဆရာဝန်များက အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် ပြည်ပမှဆရာဝန်များကို အလုပ်လုပ်ခွင့်ပြုမည်ဟု တောင်ကိုရီးယားဝန်ကြီးချုပ် ပြောကြား

တောင်ကိုရီးယားတွင် ဆရာဝန်များက အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် ပြည်ပမှဆရာဝန်များကို အလုပ်လုပ်ခွင့်ပြုမည်ဟု တောင်ကိုရီးယားဝန်ကြီးချုပ် ပြောကြား
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် အစိုးရ၏ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ဆန့်ကျင်ဆန္ဒပြနေသည့် ဆရာဝန်များကို တွေ့ရစဉ်(Photo:AP)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် အစိုးရ၏ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ဆန့်ကျင်ဆန္ဒပြနေသည့် ဆရာဝန်များကို တွေ့ရစဉ်(Photo:AP)
Published 10 May 2024

တောင်ကိုရီးယားတွင် အစိုးရ၏ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန့်ကျင်သည့် ဆရာဝန်များသည် အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် ပြည်ပမှ ဆရာဝန်များကို တောင်ကိုရီးယားရှိ ဆေးရုံများတွင် အလုပ်လုပ်ခွင့်ပြုသွားမည်ဟု တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒွတ်ဆူးက မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် ဆရာဝန်အရေအတွက်ကို ပိုမိုတိုးမြှင့်လိုသည့် အစိုးရ၏ အစီအစဉ်များကို ဆန့်ကျင်သည့်အနေဖြင့် ထောင်နှင့်ချီသည့် ဆရာဝန်များသည် ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့သဖြင့် ဆေးရုံများတွင် ပရမ်းပတာအခြေအနေများ ဖြစ်ပွားခဲ့သည်။ထိုကဲ့သို့ မတိုးသာ၊ မဆုတ်သာအခြေအနေကို အဆုံးသတ်စေရန် အစိုးရက အနည်းငယ် လိုက်လျောမှုများ ပေးခဲ့ပြီး ပြည်ပမှ ဆေးဝါးကုသခွင့် လိုင်စင်ရရှိထားသူများကို နိုင်ငံအတွင်းရှိ ဆေးရုံများတွင် အလုပ်လုပ် ခွင့်ပြုမည်ဟု ယခုသီတင်းပတ်က ပြောကြားခဲ့သည်။

ကိုရီးယား ဆေးဘက်ဆိုင်ရာအသင်း (KMA)အကြီးအကဲ လင်ဟွမ်တိတ်က ဘွဲ့ရပြီးကာစ ဆိုမာလီဆရာဝန်များ၏ သတင်းကို screenshot ရိုက်ပြီး “မကြာမီ လာမည်”ဟူသည့် မှတ်ချက်ဖြင့် လူမှုမီဒီယာတွင် မျှဝေခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရ၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မကြာမီအချိန်အတွင်း ပြန်ဖျက်ခဲ့သည့် ထိုပို့စ်ကြောင့် အွန်လိုင်းတွင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ထိုပို့စ်သည် အလွန်သင့်လျော်မှုမရှိဘဲ သိသာထင်ရှားသည့် လူမျိုးရေးခွဲခြားမှုဖြစ်သည်ဟု အခမဲ့ ဆေးဘက်ဆိုင်ရာပြုစုစောင့်ရှောက်မှု အစီအစဉ်ကို ထောက်ခံအားပေးနေသည့် NGO အဖွဲ့တစ်ခု၏ အတွင်းရေးမှူးချုပ် ကင်ဂျေဟွန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုပို့စ်သည် ဖွဲ့ဖြိုးဆဲနိုင်ငံများကို ဆန့်ကျင့်သည့် အစ္စလာမ်မုန်းတီးရေးကို အသုံးချခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် ပြည်ပဆေးကုသခွင့် လိုင်စင်များဖြင့် မိမိတို့ပြည်သူများကို ကုသပေးမည့်သူများသည် အရည်အချင်းမပြည့် မီသည့် ဆရာဝန်များ မဖြစ်စေရန် တားဆီးမည့် လုံခြုံရေးစနစ်ဖြင့် စိတ်ချသေချာစွာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားအစိုးရသည် ဆေးရုံများတွင် အလုပ်ပြန်ဆင်းရန် ငြင်းဆိုနေသည့် အငယ်တန်းဆရာဝန်များနှင့် သဘောတူညီမှုမရသေးဘဲ မတိုးသာမဆုတ်သာ အခြေအနေတွင် ပိတ်မိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် အဆို ပြုချက်များကို လျှော့ချပေးမည်ဟု ကမ်းလှမ်းခဲ့သည့်တိုင် ဆန္ဒပြဆရာဝန်များက ဆက်လက်ပြီး သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြဆရာဝန်များက နိုင်ငံအတွင်း ဆရာဝန်ပြတ်လပ်မှုကို တိုက်ဖျက်ရန်နှင့် သက်ကြီးပိုင်းလူဦးရေ လျင်မြန်စွာမြင့်တက်လာမှုအတွက် စောင့်ရှောက်ပေးရန် ဆရာဝန်အရေအတွက်ကို တိုးမြှင့်လိုသည့် အစိုးရ၏  အစီအစဉ်များကို အလုံးစုံဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆန္ဒပြဆရာဝန်များနှင့် အစိုးရအကြား တရားရေးဆိုင်ရာ ရင်ဆိုင်မှုတစ်ခုအဖြစ် ဆိုးလ်အထက်တရားရုံးတွင် ထိပ်တိုက်တွေ့နေသည်။

အုပ်ချုပ်ရေးတရားရုံးတစ်ခုကမူ အစိုးရ၏ အစီအစဉ်ကို မျက်နှာသာပေးသည့် ဆုံး ဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ဆိုးလ်အထက်တရားရုံးသည် လာမည့်သီတင်းပတ်တွင် စီရင်ချက်ချမှတ်ဖွယ်ရှိသည်။                           Ref:AFP

Most Read

Most Recent