ဗီယက်နမ်ကွန်မြူနစ်ပါတီက ပြည်သူ့လုံခြုံရေးဝန်ကြီးကို သမ္မတသစ်အဖြစ် အဆိုပြုတင်သွင်း

ဗီယက်နမ်ကွန်မြူနစ်ပါတီက ပြည်သူ့လုံခြုံရေးဝန်ကြီးကို သမ္မတသစ်အဖြစ် အဆိုပြုတင်သွင်း
ဗီယက်နမ်သမ္မတသစ်အဖြစ် အဆိုပြုခံရသည့် ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ် (ယာ) ကို တွေ့ရစဉ်
ဗီယက်နမ်သမ္မတသစ်အဖြစ် အဆိုပြုခံရသည့် ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ် (ယာ) ကို တွေ့ရစဉ်
Published 20 May 2024

ဗီယက်နမ်ကွမ်မြူနစ်ပါတီက ပြည်သူ့ လုံခြုံရေးဝန်ကြီး တိုလမ်ကို သမ္မတသစ်အဖြစ် အဆိုပြု တင်သွင်း ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက မေ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ယခင်ဗီယက်နမ်သမ္မတသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွင်း ရာထူးမှ နုတ်ထွက် ခဲ့ပြီးနောက် သမ္မတသစ်ကို ကွန်မြူနစ်ပါတီက အဆိုပြုခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်တွင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူထရောင်ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွင်း ထိပ်သီးအရာရှိများနှင့် ထိပ်သီးစီးပွားရေး ခေါင်းဆောင်များအပါအဝင် ထောင်နှင့်ချီ သည့်လူများ ဖမ်းဆီးခံခဲ့သည်။

ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီက ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ်အား သမ္မတအဖြစ် ရွေးချယ်မှုကို သဘောတူခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

လင် (၆၆ နှစ်) သည် ၂၀၁၆ ခုနှစ်ကတည်းက ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွန်မြူနစ်နိုင်ငံတွင်  လူ့အခွင့်အရေးလှုပ်ရှားမှုများအပေါ် သဘောထားတင်းမာစွာ ကိုင်တွယ်ခဲ့သည်။

မတ်လအတွင်းက ဗိုဗန်သွန်းသည် သမ္မတသက်တမ်း တစ်နှစ်သာရှိနေသးချိန်တွင် နုတ်ထွက်သွားခဲ့ပြီး အဂတိိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်၏ ရိုက်ခတ်မှုကြောင့် ရာထူးမှနုတ်ထွက်ခဲ့သည့် နောက်ဆုံးထိပ်သီး ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။

အသက် ၆၁ နှစ်အရွယ် ထရန်သန်မန်ကိုလည်း ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် အဆိုပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ၎င်းသည် ဗီယက်နမ်၏ ထိပ်သီးခေါင်းဆောင်ရာထူးနေရာလေး နေရာတွင် ပါဝင်ခဲ့သည်။

မန်သည် လက်ရှိအမျိုးသားလွှတ်တော် လက်ထောက်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး ပြီးခဲ့သည့်လက စည်းကမ်းချိုးဖောက်မှုများကြောင့် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့သည့် ဗွန်ဒင်ဟူ၏ ဥက္ကဋ္ဌနေရာကို ဆက်ခံရမည်ဖြစ်သည်။

ထိုအဆိုပြုချက်များကို ပါတီ၏ ဗဟိုကော်မတီက လက်ခံခဲ့သော်လည်း လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော်ညီလာခံတွင် တရားဝင် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

ထိပ်သီးခေါင်းဆောင်များ အားလုံးသည် စည်းလုံးညီညွှတ်မှု၊ စံထားရလောက်ပြီး သစ္စာရှိစွာဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဗဟိုကော်မတီက ပြောကြားခဲ့သည်။

မေ ၁၆ ရက်ကလည်း ဗဟိုကော်မတီ၏ အတွင်းဝန်များရုံး၏ အမြဲတမ်းအဖွဲ့ဝင်တစ် ဦးဖြစ်သူထရောင်သီမိုင်သည် ရာထူးမှနုတ် ထွက်သွားခဲ့သည်။

ထိုရာထူးနေရာသည် ဗီယက်နမ်၏ ထိပ်သီးရာထူး လေးနေရာအပြီးတွင် အရေးအကြီးဆုံး ရာထူးဖြစ်သည်။

ဗီယက်နမ်၏ ထိပ်သီးရာထူးလေးနေရာမှာ ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ်၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာများဖြစ်သည်။

သမ္မတနှစ်ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ လက်ထောက်ဝန်ကြီးချုပ်နှင့် ပါတီ၏ စီးပွားရေးကော်မရှင် အကြီးအကဲတို့သည် ပြီးခဲ့သည့် ၁၈ လအတွင်း နုတ်ထွက်သွားခဲ့ပြီးနောက် မိုင်၏ နုတ်ထွက်သွားမှုသည် တစ်ချိန်က အဖွဲ့ဝင် ၁၈ ဦးရှိခဲ့သည့် ပေါ်လစ်ဗျူရိုတွင် လက်ရှိတွင် ၁၂ ဦးသာ ကျန်ရှိတော့သည်။

မည်သို့ပင်ဆိုစေ မိုင်၏နေရာအပါအဝင် အဖွဲ့ဝင်သစ်လေးဦးကို ခန့်အပ်ခဲ့ကြောင်း ကွန်မြူနစ်ပါတီက မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဗီယက်နမ်တွင် နိုင်ငံရေးအခြေအနေ ကသောင်းကနင်းဖြစ်မှုသည် ရှားပါးဖြစ်စဉ်ဖြစ်ပြီး ရာထူးနေရာ အပြောင်း အလဲများကို ဂရုတစိုက်လုပ်ဆောင်လေ့ရှိသည်။

ထို့ပြင် ဗီယက်နမ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူများက ထောက်ခံကြောင်း ပြသခဲ့ကြသည်။

                                                Ref:AFP

Most Read

Most Recent