အိန္ဒိယတွင် ရွေးကောက်ပွဲနောက်ဆုံးနေ့၌ ပြည်နယ်တစ်ခုတည်းမှာပင် အပူလျှပ်မှုကြောင့် မဲရုံဝန်ထမ်း ၃၃ ဦး သေဆုံး 

အိန္ဒိယတွင် ရွေးကောက်ပွဲနောက်ဆုံးနေ့၌ ပြည်နယ်တစ်ခုတည်းမှာပင် အပူလျှပ်မှုကြောင့် မဲရုံဝန်ထမ်း ၃၃ ဦး သေဆုံး 
မေ ၂၄ ရက်က အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်တွင် အပူလှိုင်းများ ကျရောက်နေချိန်အတွင်း ရေခပ်ဆင်းနေသည့် ကျေးရွာသားများကို တွေ့ရစဉ်(Photo:AFP)
မေ ၂၄ ရက်က အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်တွင် အပူလှိုင်းများ ကျရောက်နေချိန်အတွင်း ရေခပ်ဆင်းနေသည့် ကျေးရွာသားများကို တွေ့ရစဉ်(Photo:AFP)
Published 3 June 2024

အိန္ဒိိယနိုင်ငံ၏ နေရာဒေသအများအ ပြားတွင် အပူချိန်များမြင့်တက်ခဲ့ပြီးနောက် ရွေးကောက်ပွဲနောက်ဆုံးနေ့ ဖြစ်သည့် ဇွန် ၁ရက်တွင် ပြည်နယ်တစ်ခုတည်းမှာပင် အပူလျှပ်မှုများကြောင့် မဲရုံဝန်ထမ်း ၃၃ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု ရွေးကောက်ပွဲအရာရှိများက ဇွွန် ၂ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ၏ နေရာဒေသအများအပြားတွင် အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်ကျော်ရှိနေမှုနှင့်အတူ အပူလှိုင်းကြောင့် လူသေဆုံးမှုများရှိခဲ့သည့် သတင်းများ ထွက်ပေါ်နေချိန်တွင် ဒါဇင်နှင့်ချီသည့် မဲရုံဝန်ထမ်းများသည် တစ်ရက် အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၏ ဂျန်စီမြို့တွင် အပူချိန်သည် ၄၆ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့သည်ဟု အိန္ဒိယမိုး လေဝသဌာန (IMD) က ပြောကြားခဲ့သည်။

ဇွန် ၁ ရက်တွင် အဆုံးသတ်ခဲ့သည့် အိန္ဒိယ၏ သတ္တမအဆင့်နှင့် နောက်ဆုံးအဆင့် ရွေးကောက်ပွဲအတွက် မဲပေးမှုများပြုလုပ်ခဲ့သည့် နိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှ ရွေးကောက်ပွဲဆိုင်ရာအကြီးအကဲ နက်ဗ်ဒိပ်ရင်ဝါက အပူချိန်ကြောင့် မဲရုံဝန် ထမ်း ၃၃ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

သေဆုံးခဲ့သည့် မဲရုံဝန်ထမ်းများ၏ ကျန်ရစ်သူမိသားစုဝ်များကို နစ်နာကြေးအဖြစ် ရူပီး ၁ ဒသမ ၅ သန်း (ဒေါ်လာ ၁၈၀၀၀) ထောက်ပံ့ပေးသွားမည်ဟု ရင်ဝါက သတင်းထောက်များကို ပြောကြားခဲ့သည်။

လူတစ်ဦးသည် ရေဓာတ်ခန်းခြောက်နေပြီး အလွန်ပြင်းထန်သည့် အပူချိန်များနှင့် ထိတွေ့ပါက သွေးများပျစ်ပြီး ကိုယ်တွင်းအင်္ဂါများ လည်ပတ်မှုရပ်တန့်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

သီးခြားဖြစ်စဉ်တစ်ခုတွင်လည်း အမျိုးသားတစ်ဦးသည် ဘယ်လီယာမြို့ရှိ မဲရုံတစ်ရုံတွင် မဲပေးရန်တန်းစီ စောင့်ဆိုင်းနေချိန်တွင် မူးလဲသွားခဲ့သည်ဟု ရင်ဝါက ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားကို ကျန်းမာရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံရောက်ချိန်မှာပင် သေဆုံးသွားသည်ဟု ရင်ဝါက ပြောကြားခဲ့သည်။

အိန္ဒိယတွင် နွေရာသီအပူချိန်မြင့်တက်မှုသည် ထူးခြားဖြစ်စဉ်တစ်ခုမဟုတ်ပေ။ သို့သော် နှစ်ပေါင်းများစွာကြာ သိပ္ပံဆိုင်ရာသုတေသနလေ့လာတွေ့ရှိချက်အရ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် အပူလှိုင်းများ ဖြတ်သန်းသည့်အချိန်ကာလကို ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်စေကာ အပူလှိုင်းများသည် ယခင်ကထက် ပိုမိုကျရောက်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

အိန္ဒိိယ၏ နေရာဒေသအချို့တွင် အပူချိန်များ မြင့်တက်နေချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်းရှိ မဏိပူရနှင့် အာသံပြည်နယ်တို့တွင် ဆိုင်ကလုန်းရာမယ် မုန်တိုင်းတိုက်ခိုက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး နေရာဒေသအချို့တွင် မေ ၃၁ ရက်က ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည်။

ဇွန် ၁ ရက်က အဆုံးသတ်သွားခဲ့သည့် ရွေးကောက်ပွဲတွင် ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် နရင်ဒရာမိုဒီကပင် တတိယသက်တမ်းအတွက် သောင်ပြိုကမ်းပြိုအနိုင်ရရှိလိမ့်မည်ဟု ယူဆခံထားရသည်။

လူထုသဘောဆန္ဒ စစ်တမ်းကောက်ယူမှုများတွင်လည်း မိုဒီသာ သေချာပေါက် အနိုင်ရလိမ့်မည်ဆိုသည့် ရလဒ်များထွက်ပေါ်ခဲ့သည်။ ဧပြီ ၁၉ ရက်မှ ဇွန် ၁ ရက်အထိပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ဇွန် ၄ ရက် တွင် တရားဝင်ကြေညာသွားမည်ဖြစ်သည်။

                                              Ref:AFP

Most Read

Most Recent