ဂါဇာတွင် အစ္စရေးစစ်တပ်က ဓားစာခံလေးဦးကို ကယ်တင်သည့် စစ်ဆင်ရေးအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု များပြားနေခြင်းကို ကုလသမဂ္ဂ သတိပေး

ဂါဇာတွင် အစ္စရေးစစ်တပ်က ဓားစာခံလေးဦးကို ကယ်တင်သည့် စစ်ဆင်ရေးအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု များပြားနေခြင်းကို ကုလသမဂ္ဂ သတိပေး
ဂါဇာစီးတီး၌ ပျက်စီးနေသော အယ်လ်ရှီဖာဆေးရုံရှေ့မှ ပါလက်စတိုင်းသားများ ဖြတ်လျှောက်သွားပုံကို ဇွန် ၁၁ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ဂါဇာစီးတီး၌ ပျက်စီးနေသော အယ်လ်ရှီဖာဆေးရုံရှေ့မှ ပါလက်စတိုင်းသားများ ဖြတ်လျှောက်သွားပုံကို ဇွန် ၁၁ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 13 June 2024

ပါလက်စတိုင်းလက်နက်ကိုင်အုပ်စု များကဓားစာခံများကို ထိန်းသိမ်းထားသည့် ဂါဇာ၌ အစ္စရေး၏ဓားစာခံ လေးဦးကိုကယ်ဆယ်မှုကြောင့် အရပ်သား သေဆုံးမှုများပြားနေခြင်းအား ဇွန် ၁၁ ရက်တွင် ကုလသမဂ္ဂက သတိပေးပြောကြားခဲ့သည်။

အစ္စရေးများနှင့်ပါလက်စတိုင်းများ ကျူးလွန်ခဲ့သည့် လုပ်ဆောင်မှုများသည် စစ်ရာဇဝတ်မှု သဘောသက်ရောက် နေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံး (OHCHR)က ပြော ကြားခဲ့သည်။

“သီတင်းပတ်ကုန်တုန်းက ဓားစာခံလေးဦးလွတ်မြောက်ဖို့ အစ္စရေးတပ်ဖွဲ့တွေ အန်နူဆေးရတ်မှာလုပ်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် အရပ်သားတွေထိခိုက်မှုရှိတာကို ကျွန်တော်တို့ အလွန်ပဲ အံ့အားသင့်မိပါတယ်”ဟု ပြော ရေးဆိုခွင့်ရှိသူ ဂျရမီလောရင့်က ဂျီနီဗာမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုများက အရပ်သားအများစုဖြစ်သည့် ဓားစာခံများကို ဆက်လက်ထိန်းသိမ်းထားခြင်းအား ကုလသမဂ္ဂက အလွန်အမင်း စိတ်ပျက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် ဓားစာခံလေးဦးကို ကယ်တင်ရန် ဇွန် ၈ ရက်တွင် နူဆေးရတ် ဒုက္ခသည်စခန်းကို ဝင်ရောင်စီးနင်းခဲ့သည်။

အယ်လ်မော့မီယာဂျန်၊ နိုအာ အာဂျမနီ၊ အင်ဒရေကော့ဇလော့၊ ရှလိုမီဇစ်တို့သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးတောင်ပိုင်း၌ ပြုလုပ်ခဲ့သော နိုဗာပွဲတော်တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

အစ္စရေး၏ဓားစာခံကယ်တင်မှု စစ်ဆင်ရေးအတွင်းတွင် အနည်းဆုံးပါလက်စတိုင်းသား ၂၁၀ ဦးသေဆုံးခဲ့ပြီး ၆၉၈ ဦး ဒဏ်ရာရခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်၏ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ပါလက်စတိုင်းရာပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ သူတို့ထဲက အများစုဟာ အရပ်သားတွေဖြစ်ပါတယ်”ဟု လောရင့်က ပြောကြားခဲ့သည်။

“ဒီလောက် လူနေထူထပ်တဲ့နေရာမှာ စီးနင်းတိုက်ခိုက်တာတွေကို လုပ်ဆောင်တဲ့အခါ စစ်ပွဲစည်းမျဉ်းစည်းကမ်းတွေမှာ ချမှတ်ထားတဲ့ ခွဲခြားမှုစည်းမျဉ်း၊ အချိုးအစားကျမှု စည်းမျဉ်း၊ ကြိုတင်သတိပေးမှု စည်းမျဉ်းတို့ကို အစ္စရေးတပ်ဖွဲ့တွေက လေးစားခြင်း ရှိမရှိဆိုတာ တော်တော်လေး သံသယဖြစ်စရာကောင်းနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးပေးသော ကိန်းဂဏန်းများနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ လောရင့်က “စစ်ဆေးဖို့ ဖြစ်နိုင်ခြေကောင်းကောင်းရှိနေချိန်ဖြစ်တဲ့ အောက်တိုဘာ ၇ ရက်မတိုင်မီ သူတို့ပံ့ပိုးပေးတဲ့ ကိန်းဂဏန်းတွေဟာ ရာနှုန်းပြည့်တိကျမှုနဲ့ တော်တော်လေးနီးစပ်နေပါတယ်”ဟု လောရင့်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် စစ်ပွဲစတင်ကတည်းက အရေအတွက်ကို ဖော်ထုတ်ရန် အကန့်အသတ်များရှိနေခဲ့သည်ဆိုသော်လည်း မိမိတို့သည် မြေပြင်တွင် ယုံကြည်ရသော အဆက်အသွယ်များ ရှိထားသည်ဟု ဆိုသည်။ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံများအကြောင်းကို မေးမြန်းသည့်အခါ လောရင့်က ယင်းကိစ္စကို အပြည်ပြည်ဆိုင်ရာ ဥပဒေက တားမြစ်ထားသည်ဟု ပြောသည်။  

Ref:AFP                                   

Most Read

Most Recent