ရှန်ဟိုင်းတွင် ၇၅ နှစ်အတွင်း အင်အားအပြင်းဆုံးတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ရှန်ဟိုင်းတွင် ၇၅ နှစ်အတွင်း အင်အားအပြင်းဆုံးတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်
Published 16 September 2024
Ref; AFP

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် လူဦးရေသိပ်သည်းသော အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ကို စက်တင်ဘာ ၁၆ ရက်က တိုင်ဖွန်းဘီဘင်ကာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းတိုင်ဖွန်းသည် ၁၉၄၉ ခုနှစ်နောက် ပိုင်းအင်အားအပြင်းဆုံးမုန်တိုင်းဖြစ်ကာ သစ်ပင်များလဲကျခဲ့ပြီး လမ်းပန်းဆက်သွယ် ရေးများပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

တိုင်ဖွန်းဘီဘင်ကာသည် တိုင်ဖွန်းဂလော်ရီယာပြီးနောက် ၇၅ နှစ်အတွင်း ရှန်ဟိုင်းကို ဝင်ရောက်တိုက်ခတ်သည့်အင်အား အပြင်းဆုံးမုန်တိုင်းဖြစ်ကာ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၅၀ ကီလိုမီတာဝန်းကျင် (၉၅ မိုင်နှုန်း)ရှိကြောင်း နိုင်ငံပိုင်မီဒီယာတွင် ထုတ်ပြန်ထားသည်။

စီးပွားရေးလုပ်ငန်းအများစုသည် ဆောင်းဦးရာသီအများပြည်သူ အားလပ်ရက်ကြောင့် ပိတ်ထားခဲ့ကာ ရှန်ဟိုင်း၏ဒေသခံ ၂၅ သန်းကို နေအိမ်များ၌သာ နေထိုင်ကြရန် အကြံပြုထားသည်။

တိုင်ဖွန်းသည် မြို့အတွင်း အပျက်အစီးများ သိသိသာသာ ဖြစ်ပေါ်စေပြီး သစ်ပင် ၁၈၀၀ ကျော်လဲကျကာ နေအိမ် ၃၀၀၀၀ တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။

မြို့အတွင်းရှိ လူဦးရေ ၄၁၄ဝဝဝသည် ပိုမိုဘေးကင်းသည့် နေရာများသို့ ပြောင်းရွှေ့ခဲ့ကြပြီး လိုအပ်လျှင် တပ်ဖြန့်နိုင်ရန်အရေး ပေါ်ကယ်ဆယ်ရေးသောင်းချီကို အဆင်သင့်ပြင်ဆင်ထားသည်။

ရှန်ဟိုင်း၏ အဓိကလေဆိပ်နှစ်ခုမှ လေကြောင်းခရီးစဉ်များအားလုံး ရပ်ဆိုင်းခဲ့သည့်အပြင် ကူးတို့လှေပြေးဆွဲမှုများနှင့်ရထား ပြေးဆွဲမှုအချို့ကို ဆိုင်းငံ့ခဲ့သည်။

ဘီဘင်ကာသည် အနောက်မြောက်ပိုင်းသို့ ရွှေ့လျားနိုင်သည်ဟုခန့်မှန်းထားပြီး ဂျီရန်ဆု၊ ကျန်ကျန်းနှင့် အန်ဟွေးပြည်နယ်များ၌ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများ တိုက်ခတ်နိုင်မည်ဟုခန့်မှန်းထားသည်။

တိုင်ဖွန်းဘီဘင်ကာသည် ရှန်ဟိုင်းသို့မဝင်ရောက်မီ စက်တင်ဘာ ၁၃ ရက်က ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်အရုဏ်တက်ချိန်တွင် နိုင်ငံတွင်းမှ ထွက်ခွာခဲ့သည်။

တိုင်ဖွန်းကြောင်း လေတိုက်နှုန်းပြင်းထန်ပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ သစ်ပင်များလဲကျမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတောင်ပိုင်း လာနာအိုဒယ်ဆူအာပြည်နယ် မာလာဘန်မြူနီစပယ်ဒေသတွင် ကျောင်းမှ နေအိမ်သို့ ပြန်လာသောကလေး လေးဦးသည် မုန်တိုင်းတိုက်ခတ်နေချိန် စက်ဘီးစီးနင်းလာခဲ့ပြီး သစ်ပင်ကြီးတစ်ပင်သည် ၎င်းတို့၏ စက်ဘီးပေါ်လဲကျခဲ့သောကြောင့် ထိုကလေးလေးဦးလုံး သေဆုံးခဲ့သည်ဟုရဲ အရာရှိ ခရစ်တီးနားအိုဘီနာက ဆိုသည်။

“လေက အရမ်းကြမ်းပြီး သစ်ပင်ကအမြစ်ကနေ လဲကျခဲ့ပါတယ်” ဟု အိုဘီနာက ဆိုသည်။

လာနာအိုဒယ်ဆူအာမှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ ဇမ်ဘိုအန်ဂါကျွန်းဆွယ်တွင် နေအိမ်များပေါ်သို့ သစ်ပင်များလဲကျသည့် သီးခြားဖြစ်စဉ်နှစ်ခုအတွင်း အသက်နှစ်နှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသဆိုင်ရာသဘာဝဘေးအန္တရာယ်တာဝန်ရှိသူ အန်ဂျလီတိုကာဆီနီလိုက ဆိုသည်။

ဖိလစ်ပိုင်တွင် ဘီဘင်ကာတိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent