မြောက်ကိုရီးယားက အသေခံဒရုန်း အမျိုးအစားသစ်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းဒရုန်းများ၏ စွမ်းဆောင်ရည်အား စမ်းသပ်မှုကို ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်

မြောက်ကိုရီးယားက အသေခံဒရုန်း အမျိုးအစားသစ်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းဒရုန်းများ၏ စွမ်းဆောင်ရည်အား စမ်းသပ်မှုကို ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်
သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် မြောက်ကိုရီးယား၏ ဒရုန်းစမ်းသပ်မှုတစ်ခုအား တွေ့ရစဉ်(Photo:Reuters)
သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် မြောက်ကိုရီးယား၏ ဒရုန်းစမ်းသပ်မှုတစ်ခုအား တွေ့ရစဉ်(Photo:Reuters)
Published 26 August 2024

မြောက်ကိုရီးယားက အသေခံဒရုန်း အမျိုးအစားသစ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအွန်က ဒရုန်းများ၏ စွမ်းဆောင်ရည် စမ်းသပ်မှုကို ကိုယ်တိုင် ကြီးကြပ်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ် ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းဒရုန်းများသည် ရုရှားနိုင်ငံမှ လာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဒရုန်းများက ပစ်မှတ်များကို ဖောက်ခွဲ ဖျက်ဆီးလိုက်ချိန်တွင် စွမ်းအားမြင့် မှန်ပြောင်းများဖြင့် ကြည့်နေသည့် ကင်ဂျုံအွန် အားပါးတရ ပြုံးရယ်နေသည့် ဓာတ်ပုံများကို နိုုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။

မဟာဗျူဟာမြောက် ကင်းထောက် ဒရုန်းများနှင့် ဘက်စုံသုံး တိုက်ခိုက်ရေးဒရုန်းများအပြင် အသေခံဒရုန်းများကိုလည်း ပိုမိုတီထွင်ထုတ်လုပ်နိုင်ရန် အရေးကြီးကြောင်း ကင်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

အသေခံဒရုန်းများသည် ရန်သူ့ပစ်မှတ်များကို အရှိန်ပြင်းပြင်း ဝင်တိုက်မိစေရန် ဒီဇိုင်းဖန်တီးထားသော ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည့် မောင်းသူမဲ့ ဒရုန်းများဖြစ်ကာ ပဲ့ထိန်းဒုံးကျည်များကဲ့သို့ ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ ဒရုန်းအင်အား ကြီးထွားလာမှုကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း လိုသလိုအသုံးပြု၍ မြေပြင်နှင့် ရေပြင်ရှိ ရန်သူ့ပစ်မှတ်မှန်သမျှ ကို ချေမှုန်းသွားမည်ဖြစ်ကြောင်း KCNA က ဖော်ပြခဲ့သည်။

သြဂုတ် ၂၄ ရက်က စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယား၏ ဒရုန်းအားလုံးသည် ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအသီးသီးတွင် ပျံသန်းခဲ့ပြီးနောက် သတ်မှတ်ထားသော ပစ်မှတ်များကို အတိအကျ ဖော်ထုတ် ကာ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားအနေဖြင့် ဉာဏ်ရည်တု နည်းပညာကို ဒရုန်းများ တီထွင်ထုတ်လုပ်ရာတွင် ထိထိရောက်ရောက် အသုံးချနိုင်ရေးအတွက် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ကင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် မြင်တွေ့ရသော ဒရန်းများသည် အစ္စရေးလုပ် HAROP အသေခံဒရုန်း၊ ရုရှားလုပ် Lancet-3 ဒရုန်း၊ အစ္စရေးလုပ် HERO3 0ဒရုန်းများနှင့် ဆင် တူကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

“HAROP နဲ့ဆင်တူတဲ့ အသေခံဒရုန်းဟာ ကီလိုမီတာ ၁,ဝဝဝကျော် ပျံသန်းနိုင်တယ်”ဟု တောင်ကိုရီးယား၏ သိပ္ပံနှင့်နည်းပညာ အဆင့်မြင့်အင်စတီကျုမှ ပါမောက္ခဖြစ်သူ ချိုဆန်းကွမ်က ပြောကြားခဲ့သည်။

ယင်းသည် တောင်ကိုရီးယား၏ အမျိုးသားလုံခြုံရေးနှင့် အရေးကြီး အဆောက်အအုံများအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၂၂ ခုနှစ်က မြောက်ကိုရီးယားသည် နယ်စပ်ကိုဖြတ်၍ ဒရုန်းများ စေလွှတ်ခဲ့သော်လည်း ယင်းဒရုန်းများသည် အရွယ်အစား အလွန်သေးငယ်သည့်အတွက် ပစ်ချ၍မရခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြော ကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားက ဒရုန်းအန္တရာယ် ကြီးထွားလာမှုကို ဖြေရှင်းရန် ဒရုန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တစ်ခုကို စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Ref:AFP

                                     

Most Read

Most Recent