ဘင်္ဂလားဒေ့ရှ် ဆန္ဒပြမှုများအတွင်း သေဆုံသူ ၃၉ ဦးအထိ မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြမှုများအတွင်း သေဆုံသူ ၃၉ ဦးအထိ မြင့်တက်လာ
Photos-AFP
Photos-AFP
Published 19 July 2024
Ref:AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအလုပ်အကိုင်များကို ခွဲတမ်းချပေးသည့် စနစ်ကို ဆန့်ကျင်သည့် ကျောင်းသားများ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်တွင် လူ ၁၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃၉ ဦးအထိ မြင့်တက်လာခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

တုတ်များ၊ ကျောက်ခဲများကိုင်ဆောင်ထားသည့် ထောင်နှင့်ချီသည့် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်များဖြစ်ပွားခဲ့ပြီးနောက် လူသေဆုံးမှုများ များပြားခဲ့ကာ လူပေါင်းရာချီဒဏ်ရာရခဲ့သည်။

အာဏာပိုင်များက နိုင်ငံအတွင်း မိုဘိုင်းဖုင်္နးအင်တာနက်လိုင်းများကို ဖြတ်တောက်ထားပြီး တက္ကသိုလ်များအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်မည်ဟု ကြေညာထားသည်။

ဇူလိုင် ၁၆ ရက်ကလည်း အစိုးရဆန့်ကျင်သည့် ကျောင်းသားများ၊ ဆန္ဒပြသူများနှင့် အစိုးရကိုထောက်ခံသည့် ကျောင်းသားများအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းသား သုံးဦးအပါအဝင် လူ ခြောက်ဦးသေဆုံးခဲ့သည်။

အစိုးရ၏ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်အရ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်လက်အောက်မှ လွတ်လပ်ရေးရယူသည့် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် လွတ်လပ်ရေး သမားများ၏ မိသားစုများအတွက် အလုပ်အကိုင်စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ခွဲတမ်းချမှုအပါအဝင် အစိုးရအလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်ကို ဖျက်သိမ်းရန် ကျောင်းသားများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent