■ ရုရှားတွင် ငွေကြေးအလွဲသုံးစားမှုဖြင့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံရ

■ ရုရှားတွင် ငွေကြေးအလွဲသုံးစားမှုဖြင့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံရ
Published 11 April 2026

ရုရှားနိုင်ငံသည် ၎င်း၏ ကာကွယ်ရေးဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများကို အဂတိလိုက်စားမှုဖြင့် ဖယ်ရှားရှင်းလင်းနေသည့် လှုပ်ရှားမှု၏ နောက်ဆုံးလုပ်ဆောင်ချက်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို ငွေကြေးအလွဲသုံးစားမှုဖြင့် ဧပြီ ၁၀ ရက်တွင် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရာတွင် လပေါင်းများစွာကြာ ဆုတ်ယုတ်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် ရုရှားအစိုးရသည် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ခေါင်းဆောင်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီး အဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် အရာရှိအတော်များများကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဧပြီ ၁၀ ရက်က မော်စကိုရှိ စစ်ခုံရုံးတစ်ခုက ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူဟောင်း ပါဗယ် ပိုပေါ့ဗ်ကို လုံခြုံရေး တင်းကျပ်သော အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပိုပေါ့ဗ်သည် ပက်ထရီးယော့စစ်ဘက်ဆိုင်ရာ အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအတွက် လျာထားသည့် နိုင်ငံတော်ဘတ်ဂျက်မှ ရူဘယ် ၂၅ သန်းခန့် (ဒေါ်လာ ၃၀၀၀၀၀ ခန့်) ကို အလွဲသုံးစားပြုလုပ်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း စစ်ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မော်စကိုမြို့ပြင်ရှိ အဆိုပါဥယျာဉ်သည် ရုရှားစစ်တပ်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ပြပွဲများနှင့် အခမ်းအနားများကို ပုံမှန်ကျင်းပလေ့ရှိသည်။

အသက် ၆၉ နှစ်အရွယ်ရှိ ပိုပေါ့ဗ်ကမူ ၎င်းအပေါ် စွပ်စွဲထားသည့် စွဲချက်များကို ငြင်းဆိုခဲ့သည်။

ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ကြားနာစစ်ဆေးမှုခံယူခဲ့သည့် ပိုပေါ့ဗ်သည် ၎င်း၏ ရာထူးအဆင့်အတန်းနှင့် နိုင်ငံတော်က ပေးအပ်ထားသော ဆုတံဆိပ်အားလုံးကိုလည်း ပြန်လည်ရုပ်သိမ်းခြင်းခံခဲ့ရသည်။

Ref: AFP

Photos- AFP/AP

Most Read

Most Recent