ပိတ်ဆို့ထားသည့်ကြားမှ ရုရှားဘီလျံနာ၏ ဇိမ်ခံသင်္ဘောကြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွား

ပိတ်ဆို့ထားသည့်ကြားမှ ရုရှားဘီလျံနာ၏ ဇိမ်ခံသင်္ဘောကြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွား
Published 28 April 2026
Ref:BBC

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံအပျော်စီးသင်္ဘောများထဲမှ တစ်စင်းဖြစ်ကာ အရေးယူပိတ်ဆို့မှု ခံထားရသည့် ရုရှားဘီလျံနာတစ်ဦး ပိုင်ဆိုင်သည်ဆိုသည့် Nord အမည်ရှိ သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားအတွင်း ပိတ်ဆို့မှုများ ရှိနေသည့်ကြားမှ ဧပြီ ၂၅ ရက်က အတားအဆီးမရှိ ဖြတ်သန်းသွားခဲ့သည်။

အလျား ၁၄၂ မီတာ (၄၆၅ ပေ) ရှည်လျားသည့် Nord သင်္ဘောသည် ရုရှားဘီလျံနာ အလက်ဇေး မော်ဒါရှော့ဗ်နှင့် ဆက်နွယ်နေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက ဒူဘိုင်းမှ အိုမန်နိုင်ငံ၊ မတ်စကတ်မြို့သို့ ခရီးနှင်ခဲ့ခြင်းဖြစ်သည်။

Marine Traffic အချက်အလက်များအရ ဒေါ်လာသန်း ၅၀၀ ကျော်တန်ကြေးရှိ အဆိုပါသင်္ဘောသည် ဧပြီ ၂၄ ရက်ညတွင် ဒူဘိုင်းမှထွက်ခွာခဲ့ပြီး ဧပြီ ၂၆ ရက်နံနက်တွင် အိုမန်ရှိ Al Mouj ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။

Superyacht Times မဂ္ဂဇင်း၏ ဖော်ပြချက်အရ ရုရှားအလံလွှင့်ထူထားသည့် Nord သင်္ဘောပေါ်တွင် ရေကူးကန် ၊ရေငုပ်သင်္ဘောငယ်နှင့် ရဟတ်ယာဉ်ကွင်းတို့ ပါဝင်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးသူ မော်ဒါရှော့ဗ်သည် ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ အရေးယူပိတ်ဆို့မှုကို ခံထားရသူဖြစ်သည်။ ၎င်းသည် သံမဏိကုမ္ပဏီ Severstal ၏ဥက္ကဋ္ဌဖြစ်ပြီး ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံခန့် ရှိသည်ဟု Forbes က ခန့်မှန်းထားသည်။

သို့သော် အဆိုပါသင်္ဘောကို ၎င်း၏အမည်ဖြင့် တရားဝင်မှတ်ပုံတင်ထားခြင်း မဟုတ်ဘဲ ၂၀၂၂ ခုနှစ်တွင် ၎င်း၏ဇနီးပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအမည်ဖြင့် ပြောင်းလဲမှတ်ပုံတင်ထား​ခြင်း ဖြစ်သည်။

အီရန်က ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ အမေရိကန်နှင့်တင်းမာမှုများ ဖြစ်ပွားနေသော်လည်း ရုရှားနှင့်မူ အဆင့်မြင့်ဆွေးနွေးမှုများ ပြုလုပ်လာပြီဖြစ်သည်။ ဧပြီ ၂၇ ရက်က စိန့်ပီတာစဘတ်မြို့တွင်ပြုလုပ်သည့် တွေ့ဆုံပွဲ၌ သမ္မတပူတင်က အီရန်ပြည်သူများသည် ၎င်းတို့၏ အချုပ်အခြာအာဏာအတွက် အမေရိကန်နှင့်အစ္စရေးတို့၏ ဖိအားပေးမှုများကို သတ္တိရှိရှိ ရင်ဆိုင်တိုက်ပွဲဝင်နေကြကြောင်း ချီးကျူး​ပြောခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အားဘတ်စ်အရတ်ချီကလည်း ရုရှားနှင့် ၎င်းတို့ဆက်ဆံရေးမှာ ဗျူဟာမြောက် မဟာမိတ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

 

Most Read

Most Recent