အိန္ဒိယတွင် လူအုပ် ကသောင်းကနင်းဖြစ်ပွားပြီး လူ ၁၂၁ ဦး သေဆုံး

အိန္ဒိယတွင် လူအုပ် ကသောင်းကနင်းဖြစ်ပွားပြီး လူ ၁၂၁ ဦး သေဆုံး
Published 3 July 2024
Ref: AFP

အိန္ဒိယနိုင်ငံတွင် ဇူလိုင် ၂ ရက်က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း လူများအလွန်ပြည့်ကျပ်ခဲ့ပြီး လူအုပ်ကသောင်းကနင်း ဖြစ်ပွားကာ လူ ၁၂၁ ဦး သေဆုံးခဲ့ကာ ယင်းဖြစ်စဉ်သည် ဆယ်စုနှစ်တစ်စုကျော်အတွင်း နိုင်ငံ၏ လူသေဆုံးမှုအများဆုံး လူအုပ်ကသောင်းကနင်းဖြစ်စဉ် တစ်ခုဖြစ်လာခဲ့သည်။

နိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ပွဲတော်တစ်ခုတွင် ပွဲစီစဉ်သူများက လာရောက်သူ ၈၀၀၀၀ သာ ခွင့်ပြုထားသော်လည်း လက်တွေ့၌လာရောက်သူ ၂၅၀၀၀၀ ကျော်အထိ သုံးဆကျော် ပိုမိုများပြားခဲ့သည်ဟု ရဲတပ်ဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခမ်းအနားစတင်ပြီးနောက် နာရီပိုင်းအကြာ၌ အဝေးပြေးလမ်းတစ်လျှောက်ရှိ ရွှံ့နွံများ ထူထဲနေသည့်နေရာတွင် အကျႌအပိုင်းအစများနှင့် ဖိနပ်များပြန့်ကြဲလျက်ဖြစ်နေသည်ကို တွေ့ရသည်။

“လူတွေက များလွန်းလို့ နေရာမဆံ့တော့ဘဲ တစ်ယောက်ပေါ် တစ်ယောက် ပိကြခဲ့ပါတော့တယ်” ဟု ရဲအရာရှိရှီလာမော်ရာကဆိုသည်။

ဥတ္တရာပရာဒက်ရှ်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာက လူ ၁၂၁ ဦး သေဆုံးကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်နရင်ဒရာမိုဒီက သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများကို ဒေါ်လာ ၂၄၀၀ နစ်နာကြေးပေးရန်နှင့် ယင်းဖြစ်စဉ်၌ ဒဏ်ရာရရှိသူများကို ဒေါ်လာ ၆၀၀ နစ်နာကြေးပေးရန် ထုတ်ပြန်ခဲ့သည်။ သမ္မတဒရူပါဒီမာမူက ယင်းဖြစ်စဉ်တွင် သေဆုံးသူများအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။